24 Nov 2022

ဂါဗီသည် ဘောလုံးလောက၏ ကြယ်ပွင့်တစ်ပွင့်ဖြစ်လာမည်ဟု ယုံကြည်ကြောင်း စပိန်နည်းပြချုပ် အန်နရီကေးက ပြောဆိုလိုက်သည်။ မနေ့ညက ကော်စတာရီကာကို ၇ ဂိုးပြတ်ဖြင့် အနိုင်ရရှိသော ပွဲတွင် ဂါဗီသည် အသင်းအတွက် တစ်ဂိုးသွင်းယူနိုင်ခဲ့သည်။ ပွဲချိန် ၇၄ မိနစ်တွင် မိုရာတာ၏ ပေးပို့မှုကို ဂါဗီက သွင်းယူခဲ့ခြင်းဖြစ်သည်။

အသက် ၁၈ နှစ်နှင့် ၁၁၀ ရက်ရှိပြီဖြစ်သော ဂါဗီသည် ၁၉၅၈ ပီလီနောက်ပိုင်းတွင် ကမ္ဘာ့ဖလား၌ ဂိုးသွင်းသော အသက်အငယ်ဆုံးကစားသမားဖြစ်လာခဲ့သည်။ ပွဲအပြီးတွင် သတင်းသမားများက ဂါဗီ၏အကြောင်းကို နည်းပြချုပ် အန်နရီကေးကို မေးမြန်းခဲ့သည်။

အန်နရီကေးက “သူ့အကြောင်းကို အသေအချာပြောပြဖို့ခက်လိမ့်မယ်။ ဒါပေမယ့် အသင်းအတွက် ကစားခွင့်ရတဲ့ အကြိမ်တိုင်း ဂါဗီအနေနဲ့ ခြေစွမ်းပိုတက်လာဖို့ ကျွန်တော်မျှော်လင့်ပါတယ်။ သူက အသက် ၁၈ နှစ်သာရှိသေးပေမယ့် ထူးခြားသူပါ။ အတွေ့အကြုံရင့်ကစားသမားတစ်ဦးလို အရည်အသွေးမျိုး အခုကတည်းက ရှိနေပါတယ်။ ဘောလုံးခြေထောက်ထဲရှိချိန်မှာရော မရှိချိန်မှာပါ လှုပ်ရှားပြတတ်တဲ့ကစားသမားတစ်ဦးဖြစ်ပါတယ်။ သူ့အနေနဲ့ တစ်ခါတစ်ရံမှာ စိတ်အေးအေးထားတတ်ဖို့လိုအပ်ပါလိမ့်မယ်။ ဒါပေမယ့်သူ့ကို အသင်းထဲမှာထည့်ကစားရတာ ကျေနပ်စရာပါ။ ဂါဗီဟာ ဘောလုံးလောကရဲ့ ကြယ်တစ်ပွင့်ဖြစ်လာနိုင်ပါတယ်”ဟု ပြောဆိုလိုက်သည်။

စပိန်သည် တနင်္ဂနွေနေ့တွင် ဂျာမနီအသင်းနှင့်ရင်ဆိုင်ရန်ရှိနေသည်။ ဂျာမနီသည် ဂျပန်ကို ရှုံးနိမ့်ထားသောကြောင့် အုပ်စုမှတက်နိုင်ရေးအတွက်စပိန်နှင့်ပွဲတွင် ခြေကုန်ထုတ်လာဖွယ်ရှိသည်။