1 Feb 2023

ဘောလုံးလောကရဲ့ အရွေ့တွေကလည်း မြန်ဆန်လွန်းလှပါတယ်။ လွန်ခဲ့တဲ့ ၆ လလောက်တုန်းကဆိုရင် အန်ဇိုဖာနန်ဒက်စ်လို့ ခေါ်တဲ့ ဘောလုံးသမားတစ်ယောက်က ချဲလ်ဆီးကို စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းလာမယ်လို့ဘယ်သူကထင်မလဲ။

ပြီးခဲ့တဲ့ဇူလိုင်မှာ ရေးဗားပလိတ်ကနေ ပြောင်းရွှေ့ကြေးယူရို ၁၂ သန်းနဲ့ရောက်လာတဲ့ ဒီကစားသမားလေး အကြောင်းကို ဘင်ဖီကာပရိသတ်လည်း ကောင်းကောင်းမသိခဲ့ပါဘူး။ ဖာနန်ဒက်စ်က သူ့ရဲ့တိုင်းပြည်အာဂျင်တီးနားမှာတော့ ခြေစွမ်းအချို့ပြသခဲ့ပြီးခရက်စ်ပိုက ဒီကစားသမားလေးကို အခွင့်အရေးပေးဖို့ ရေးဗားပလိတ်ကို ပြောခဲ့ပါတယ်။ ရေးဗားပလိတ်ကလေည်း ခရက်စ်ပိုစကားကိုနားထောင်ပြီး သူ့ကို အခွင့်အရေးပေးခဲ့ပါတယ်။ ဖာနန်ဒက်စ်ကလည်း အခွင့်အရေးကို အရယူခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

ရေးဗားပလိတ်မှာ ၅၂ ပွဲကစားပြီးတဲ့နောက်မှာတော့ ဥရောပကလပ်အသင်းအချို့က သူ့ကို စိတ်ဝင်စားလာပြီးဘင်ဖီကာအသင်းက အရခေါ်ခဲ့ပါတယ်။ အခုတော့ လစ်စ်ဘွန်းအခြေစိုက်ကလပ်အသင်းကြီးလည်း ပျော်ပြီလေ။ ၆ လလောက်အတွင်းမှာ ဖာနန်ဒက်စ်က ပေါင်သန်း ၁၀၀ လောက်အမြတ်ရအောင် ပေါ်တူဂီအသင်းကြိးကို အကျိုးပြုသွားပါတယ်။

အန်ဇိုဖာနန်ဒက်စ်က ပေါ်တူဂီလိဂ်နဲ့ ချန်ပီယံလိဂ်မှာတင်မက ကမ္ဘာ့ဖလားမှာပါ  အာဂျင်တီးနားအတွက် အစွမ်းတွေပြပြီး ကမ္ဘာ့ဖလားကို အရယူပေးနိုင်လိုက်တော့ တန်ဖိုးတွေစွတ်တက်သွားတဲ့သဘောပါပဲ။ ဖာနန်ဒက်စ်က ၂၀၂၂ ကာတာကမ္ဘာ့ဖလားမှာ အကောင်းဆုံးလူငယ်ဘောလုံးသမားဆုလည်း ရရှိခဲ့ပါတယ်။

ဖာနန်ဒက်စ်က တကယ်ရောပေါင် ၁၀၆ သန်းတန်ပါရဲ့လားဆိုတာတော့ မေးစရာဖြစ်လာပါတယ်။ ဖာနန်ဒက်စ်သာ မှန်းထားတဲ့အတိုင်းခြေစွမ်းပြလာရင်တော့ ဂရေဟမ်ပေါ်တာအနေနဲ့ ဝမ်းသာစရာဖြစ်လာပါလိမ့်မယ်။ ချဲလ်ဆီးကလည်း ရုန်းကန်နေရပြီး အလယ်တန်းကစားသမား ကောင်းကောင်းလိုနေတယ်မဟုတ်ပါလား။

ဘရိုက်တန်ကို ကိုင်တွယ်နေတဲ့အချိန်မှာ ပေါ်တာက ကွင်းလယ်မှာ ဘောလုံးကို ကိုင်ပြီး ပြိုင်ဘက်အသင်းကို လွှမ်းမိုးနိုင်တဲ့ကစားသမား အရေးပါတဲ့ဘောလုံးပေးပို့မှုတွေကို ပြုလုပ်ပေးနိုင်တဲ့ ကစားသမားမျိုးကို ပေါ်တာက အသုံးပြုပြီး အသင်းရဲ့ကစားကွက်ကို တည်ဆောက်ခဲ့ပါတယ်။ ၂၀၂၁-၂၂ ဘောလုံးရာသီမှာပေါ်တာရဲ့ ဘရိုက်တန်အသင်းက ပရီးမီးယားလိဂ်မှာ အသင်းငယ်လေးဖြစ်ပေမယ့် ဘောလုံးပိုင်ဆိုင်မှု ပျမ်းမျှ ၅၀ ရာခိုင်နှုန်းကျော်ခဲ့ပါတယ်။

ပေါ်တာချဲလ်ဆီးကို ကိုင်တွယ်ပြီးတဲ့နောက်ပိုင်းမှာ မှတ်တမ်းတွေအရ ချဲလ်ဆီးထက်ဘောလုံးပိုင်ဆိုင်မှု အသာရတာဆိုလို့ မန်စီးတီး အာဆင်နယ်နဲ့သူ့အသင်းဟောင်း ဘရိုက်တန်တို့ကပဲ ရှိပါတယ်။ ဘောလုံးပေးပို့မှုမှာ ဆိုရင်လည်း ချဲလ်ဆီးထက် ပိုများတာဆိုလို့ မန်စီးတီးတစ်သင်းပဲ ရှိပါတယ်။

ဘောလုံးပေးပို့မှုဆိုတာနဲ့ ဖာနန်ဒက်စ်နဲ့ ဆိုင်လာပါပြီ။ ဇန်နဝါရီလ ၁၇ ရက်မှာ အသက် ၂၂ နှစ်ပြည့်ခဲ့တဲ့ ဖာနန်ဒက်စ်က ပေါ်တူဂီလိဂ် ၁၇ ပွဲကစားရာမှာ ဘောလုံးပေးပို့မှု ၁၄၃၁ ကြိမ်ပြုလုပ်ခဲ့ပါတယ်။ ဒုတိယလိုက်တဲ့ ကစားသမားထက် အကြိမ် ၂၀၀ ပိုပါတယ်။ ဘောလုံးပေးပို့မှုမှာတော့ ဆရာလို့ပြောရမှာဖြစ်ပါတယ်။ ပြီးတော့ ပြိုင်ဘက် ဂိုးရှေ့ကို ဘောလုံးပေးပို့မှု ၂၄၈ ကြိမ်ရှိခဲ့တာကြောင့် ဖာနန်ဒက်စ်ရဲ့ ဘောလုံးပေးပို့မှုတွေက အရေအတွက်သာမက အရည်အသွေးပါကောင်းတယ်ဆိုတာ ထင်ရှားနေပါတယ်။ ဘင်ဖီကာအသင်းကလည်း ဘောလုံးပိုင်ဆိုင်မှုကို ဦးစားပေးကစားတဲ့ အသင်းဖြစ်လို့ ဖာနန်ဒက်စ်ရဲ့ကစားဟန်နဲ့ သင့်လျော်နေသလို ဒီကစားသမားကြောင့်လည်း ဘင်ဖီကာအသင်းက ပြိုင်ဘက်ကွင်းဘက်ခြမ်းမှာ ဘောလုံးပိုင်ဆိုင်မှုအသာရပြီး ထိုးဖောက်နေနိုင်တာဖြစ်ပါတယ်။

ချန်ပီယံလိဂ်မှာလည်း ဖာနန်ဒက်စ်က ခြေစွမ်းပြခဲ့သလို ဘင်ဖီကာက ပီအက်စ်ဂျီနဲ့ ယူဗင်တပ်စ်လို အသင်းတွေကို ကျော်ဖြတ်ပြီး အုပ်စုဗိုလ်ဖြစ်ခဲ့ပါတယ်။ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာလည်း ဖာနန်ဒက်စ်က ဘောလုံးထိတွေ့မှု ၁၁၈ ကြိမ်အောင်မြင်စွာဘောလုံးပေးပို့မှု ၇၇ ကြိမ်နဲ့အတူ ဘောလုံးဖျက်ထုတ်မှု ၁၀ ကြိမ်ပြုလုပ်ပြီး အာဂျင်တီးနားအတွက်အားကိုးခဲ့ရပါတယ်။

ဖာနန်ဒက်စ်ကို စိတ်ဝင်စားနေတာက ချဲလ်ဆီးတစ်သင်းတည်မဟုတ်ပေမယ့် မြင့်မားတဲ့ ပြောင်းရွှေ့ကြေးကို ပေးပြီးခေါ်သွားတာကတော့ စတန်းဖို့ဒ်ဘရစ်ချ်အခြေစိုက်အသင်းဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းရဲ့ကွင်းလယ်မှာ လက်ရှိဘောလုံးပေးပို့မှုအများဆုံးက ကိုဗာဆစ်ဖြစ်ပြီးတစ်ပွဲပျမ်းမျှ ဘောလုံးပေးမှု ၆၉ ကြိမ်ရှိပါတယ်။ ဒုတိယတစ်ယောက်က ဂျော်ဂျင်ဟိုဖြစ်ပြီး ပျမ်းမျှ ၆၁.၇ ကြိမ်ဖြစ်ပါတယ်။ ဖာနန်ဒက်စ်က ပေါ်တူဂီမှာ တစ်ပွဲပျမ်းမျှ ဘောလုံးပေးပို့မှု ၈၄.၁၈ ကြိမ်ရှိပါတယ်။

ဒါက ဥရောပထိပ်တန်းလိဂ် ၁၀ ခုမှာပါဝင်ကစားနေတဲ့ အသင်းသားတွေထဲမှာ ဒုတိယမြောက် ဘောလုံးပေးပို့မှု အများဆုံးကစားသမားဖြစ်နေပါတယ်။ သူ့ထက်ပိုပြီး ဘောလုံးပေးပို့မှုများတာဆိုလို့ မန်စီးတီးက ရိုဒရီ (၈၄.၅၈ ကြိမ်) ပဲရှိပါတယ်။ ဖာနန်ဒက်စ်ရဲ့စံချိန်က ဗာရတ်တီ တိုနီခရူးစ်တို့ထက်တောင် ကောင်းနေပါတယ်။

ချဲလ်ဆီးက ကွင်းလယ်မှာ ကစားကွက်ဖန်တီးတာလည်း အားနည်းနေပြီး လိဂ်ပွဲပေါင်း ၂၀ မှာ ၂၂ ဂိုးပဲ သွင်းထားနိုင်ပါတယ်။ ဖာနန်ဒက်စ်ကို ခေါ်လိုက်တာက အခုအချိန်အတွက်အပြင် နောင်အနာဂတ်အတွက်လည်း အသင်းကိုတည်ဆောက်လိုက်တာလို့ ပြောလို့ရပါတယ်။ အခုလို ပြောင်းရွှေ့ကြေးအများကြီးပေးလိုက်ရတော့ ဖာနန်ဒက်စ်အနေနဲ့ အသင်းမှာ ခြေစွမ်းပြဖို့ အရေးကြီးလာသလို အချိန်တိုအတွင်းခြေစွမ်းပြနိုင်ဖို့လည်း လိုအပ်လာပါတယ်။ ပေါ်တူဂီလိဂ်နဲ့ ပရီးမိးယားလိဂ်ကလည်း အများကြီးကစားရတာကွာနိုင်ပါတယ်။

ဒါပေမယ့် ဖာနန်ုဒက်စ်က သူ့ရင်ဆိုင်လာရတဲ့ စိန်ခေါ်မှုတွေကို အချိန်တိုအတွင်းကျော်လွှား လာနိုင်တာကို တွေ့ရသလို ကမ္ဘာ့ဘောလုံးလောက ရဲ့ အကြီးမားဆုံးဆုဖလားကိုလည်း အာဂျင်တီးနားအသင်းနဲ့အတူ အရယူလိုက်နိုင်ပါတယ်။ ဖာနန်ဒက်စ်အနေဲ့ ပေါ်တာ လိုချင်သလို ကစားနိုင်ပြီးစံချိန်တင်ပြောင်းရွှေ့ကြေးက သူ့အတွက် ထိုက်တန်တဲ့ပြောင်းရွှေ့ကြေးဖြစ်ကြောင်း သက်သေပြလာနိုင်ကြောင်းပါ။