29 Dec 2022

အာဂျင်တီးနားဂိုးသမား မာတီနက်ဇ်က ကမ္ဘာ့ဖလားအောင်ပွဲခံရာတွင် ပြင်သစ်တိုက်စစ်မှူး ဘာပေ၏ ဓာတ်ပုံကို ကလေးအရုပ်တွင်တပ်ဆင်ပြီး နောက်ပြောင်ခဲ့ခြင်းနှင့်ပတ်သက်၍ ဘာပေက ထိုကိစ္စသည် သူ၏ပြဿနာမဟုတ်ဟု ပြောကြားခဲ့သည်။

မာတီနက်ဇ်သည် ကာတာကမ္ဘာ့ဖလားတွင် လက်စွမ်းပြခဲ့သောကြောင့် အကောင်းဆုံးဂိုးသမားအတွက် ချီးမြှင့်သည့် ရွှေလက်အိတ်ဆု ရရှိခဲ့သလို ဘာပေကလည်း ဂိုးအများဆုံးသွင်းသူကိုချီးမြှင့်သည့် ရွှေဘောလုံးဆု ရရှိခဲ့သည်။

“အဓိပ္ပာယ်မရှိတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး အချိန်ကုန်မခံချင်ဘူး။ အခုအချိန်မှာ အရေးကြီးတာက ပီအက်စ်ဂျီအသင်းအတွက် အကောင်းဆုံး ပေးဆပ်နိုင်ဖို့ပါ။ မက်ဆီနဲ့အတူ ဂိုးတွေသွင်းပြဖို့ သူပြန်လာတာကို စောင့်နေတယ်”ဟု ဘာပေက ပြောသည်။

“ကမ္ဘာ့ဖလားဗိုလ်လုပွဲပြီးတော့ မက်ဆီနဲ့ စကားပြောခဲ့ပါတယ်။ သူ့ကို ဂုဏ်ယူကြောင်း ပြောခဲ့တယ်။ ကမ္ဘာ့ဖလားကို အရယူဖို့က မက်ဆီ့ဘဝရဲ့ ရည်မှန်းချက်ဖြစ်သလို ကျွန်တော့်ဘဝအတွက်လည်း ရည်မှန်းချက်ဖြစ်တယ်။ သူ့ရည်မှန်းချက် အောင်မြင်သွားတယ်ပေါ့”ဟု ဘာပေက ပြောဆိုသည်။

ဘာပေသည် မနေ့ညက ကစားသည့်ပွဲတွင် ပီအက်စ်ဂျီအတွက် အဆုံးအဖြတ်ဂိုးကို နာကျင်အချိန်ပိုတွင် ပင်နယ်တီမှတစ်ဆင့် သွင်းပေးနိုင်ခဲ့သည်။ မက်ဆီမှာမူ ကမ္ဘာ့ဖလားရယူပြီးနောက် အာဂျင်တီးနားတွင် ပြန်ရောက်နေပြီး ဇန်နဝါရီလ ၁ ရက်နေ့အထိ ပီအက်စ်ဂျီအသင်းက ခွင့်ပေးထားသည်။