4 Jan 2023

ပရီးမီးယားလိဂ်မှာ ခြေစွမ်းကောင်းနေတဲ့မန်ယူက မနေ့ညကလည်း ဘုမ်းမောက်ကို ၃-၀ နဲ့အနိုင်ရရှိ လိုက်ပါတယ်။ ကာဆီမဲရိုးက အိုးထရက်ဖို့မှာ သူ့အတွက်ပထမဆုံးသွင်းဂိုးကို သွင်းယူပေးလိုက်နိုင်သလို လုခ်ရှောကလည်း ပထမပိုင်းမှာ နောက်ထပ်တစ်ဂိုးထပ်သွင်းလိုက်နိုင်ပါတယ်။ ဒုတိယပိုင်းမှာ ဖာနန်ဒက်စ်ရဲ့ဖန်တီးမှုကတစ်ဆင့် နောက်တစ်ဂိုးသွင်းပြီးတဲ့နောက်မှာတော့ မန်ယူဟာ ပြိုင်ပွဲစုံ ၆ ပွဲဆက် အနိုင်ရရှိတော့မယ်ဆိုတာသေချာသွားပါတော့တယ်။ ဒီပွဲပြီးတဲ့နောက်မန်ယူက တန်းစီဇယားမှာ တတိယနေရာရောက်လာပြီး ဘုမ်းမောက်ကတော့ အဆင့် ၁၅ နေရာမှာရှိနေပါတယ်။

၁။ မန်ယူကတဖြည်းဖြည်းနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့အသင်းဖြစ်နေပြီလား
မန်ယူအနေနဲ့ အမှတ်ပေးချန်ပီယံမဖြစ်နိုင်ဘူးဆိုတဲ့ဘက်က အကြောင်းပြချက်တွေ အများကြီး ရှိနေပါတယ်။ တိုက်စစ်မှူးတစ်ဦးကို ဇန်နဝါရီမှာခေါ်ဖို့လိုနေတာတို့ နိုဝင်ဘာမှာ ဗီလာကို ၃-၁ နဲ့ ရှုံးခဲ့တာတို့တွေက မန်ယူအနေနဲ့ ခြေစွမ်းမမှန်သေးဘူးလို့ ပြောလို့ရတဲ့ဘက်က အထောက်အထားတွေပေါ့။

ဒါပေမယ့် အမှတ်ပေးချန်ပီယံဆုကို စိန်ခေါ်မယ်ဆိုရင် စိန်ခေါ်နိုင်လောက်တယ်လို့ ပြောလို့ရတဲ့ ဘက်ကလည်း အခြားအထောက်အထားတွေရှိနေပါတယ်။ ဗာရန်း မာတီနက်ဇ်နဲ့ ကာဆီမဲရိုးတို့ သုံးယောက်က ပရီးမီးယားလိဂ်မှာ အကောင်းဆုံး ခံစစ်ကစားနိုင်တဲ့သူသုံးဦးလို့ ပြောလို့ရပါတယ်။ ဒါ့အပြင် နောက်ဆုံး ၄ ပွဲဆက်တိုက်ဂိုးသွင်းတဲ့ ရက်ရှ်ဖို့ကလည်း ပုံစံကောင်းတစ်ခုရနေသလို မန်ယူအသင်းရဲ့ စုဖွဲ့မှုကလည်း တဖြည်းဖြည်းတိုးတက်လာပါတယ်။ တန်းဟက်ကြောင့်လည်း မန်ယူပရိသတ်က အခုအချိန်နဲ့မေလကြားမှာ ချန်ပီယံပြေးလမ်းပေါ်မှာရှိနေနိုင်တယ်ဆိုတဲ့ အိပ်မက်မျိုး မက်လို့ရနေပါတယ်။

၂။ ကာဆီမဲရိုးက အခုကတည်းက တန်းဟက်ရဲ့မန်ယူအတွက် အဓိကကစားသမားဖြစ်လာနေ
ဗာရန်း မာတီနက်ဇ်နဲ့ အဲရစ်ဆင်တို့က မန်ယူမှာ ဒီနှစ်ရာသီအတွက် ခြေစွမ်းကောင်းနေပါတယ်။ ဒါပေမယ့် မန်ယူအတွက်ကာဆီမဲရိုးထက်ပိုကောင်းတဲ့ ကစားသမားမရှိနိုင်ပါဘူး။ ကာဆီမဲရိုးက ရီးရဲမက်ဒရစ်ကနေပြောင်းရွှေ့လာပြီးနောက် အချိန်တစ်ခုယူရပေမယ့် အခုဆိုရင် တန်းဟက်အသင်းရဲ့ အခြေခံအုတ်မြစ်လို့တောင် ပြောလို့ရနေပါပြီ။ ဘုမ်းမောက်ကိုသွင်းသွားတဲ့ ဂိုးက ရိုးရှင်းတယ်လို့ထင်ရ ပေမယ့် အဝေးက ပေးပို့မှုကို အချိန်ကိုက်လှုပ်ရှားနိုင်တဲ့ အသက် ၃၀ နှစ်အရွယ် ကာဆီမဲရိုးရဲ့ ခြေစွမ်းနဲ့ အရည်အချင်းက သိသာထင်ရှားလွန်းပါတယ်။

ဒါ့အပြင် နောက်တန်းလေးဦးရှေ့ကနေ ကာဆီးပြီး ဘောလုံးရှင်းထုတ်ပေးတာ ကွင်းလယ်ကနေ ဘောလုံးလမ်းကြောင်းကို ဖြတ်တောက်ပြီး တိုက်စစ်ကို အစပြုပေးတာတွေကို သက်တောင့်သက်သာနဲ့ လုပ်ပြသွားနိုင်ပါတယ်။ ရီးရဲက ကာဆီမဲရိုးကို ဘာလို့အသင်းပြောင်းခွင့်ပေးတာလဲလို့ မေးတော့ တန်းဟက်က သူအသင်းပြောင်းခွင့်ရတာကို ကျွန်တော်ဂုဏ်ယူပါတယ်လို့ပဲ ပြောခဲ့ပါတယ်။ ကာဆီမဲရိုးပွဲထွက်ကစားတဲ့ မန်ယူရဲ့ ပွဲစဉ် ၁၆ ပွဲမှာ မန်ယူက ဂိုးမပေးရတဲ့ပွဲ ၁၀ ပွဲရှိပါတယ်။ တိုက်စစ်က အားဖြည့်ဖို့လိုနေတာမှန်ပါတယ်။ ဒါပေမယ့် တန်းဟက်အသင်းရဲ့ခံစစ်ကတော့ တောင့်တင်းနေတာအမှန်ပါပဲ

Linnix ရေးသားသည်