11 Mar 2023

စပါးအသင်းနဲ့ မန်နေဂျာကွန်တီကြားက အခြေအနေကတော့ တော်တော်လေးကို ထင်ရှားနေပြီလို့ ပြောရမှာဖြစ်ပါတယ်။ စပါးက ချန်ပီယံလိဂ်ကလည်း ထွက်လိုက်ရပြီဆိုတော့ ဒီနှစ်ရာသီမှာ  အောင်မြင်မှုတစ်ခုကို လက်ဆုတ်လက်ကိုင်ပြသနိုင်ဖို့ဆိုတာ မလွယ်တော့တဲ့ အနေအထားဖြစ်ပါတယ်။

စပါးက ကွန်တီကို အလုပ်ထုတ်မှာမဟုတ်ပါဘူး။ သူ့ရဲ့စာချုပ်ကို သက်တမ်းမတိုးတော့ဘဲ ဒီနှစ်ရာသီ အကုန် စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာ အလိုအလျောက်လမ်းခွဲတာမျိုးဖြစ်သွားဖို့ များပါတယ်။ ဒါဆိုရင် လာမယ့်ဘောလုံးရာသီမှာ စပါးကို ဘယ်သူက တာဝန်ယူမှာလဲ မေးစရာဖြစ်လာပါတယ်။ လောလောဆယ် ရေပန်းစားလာတာကတော့ စပါးအသင်းမန်နေဂျာဟောင်း အာဂျင်တိုင်းလူမျိုး ပိုချက်တီနိုပဲ ဖြစ်တယ်လို့သတင်းတွေက ဆိုပါတယ်။

ချန်ပီယံလိဂ်မှာလီဗာပူးကို ရှုံးနိမ့်ပြီးနောက် ဘောလုံးရာသီအစမှာ ရလဒ်တွေမကောင်းတာကြောင့်  ပိုချက်တီနိုကို ၂၀၁၉ မှာစပါး ထုတ်ပယ်ခဲ့ပါတယ်။ ပိုချက်တီနိုက  စပါးမှာ ဘောလုံးရာသီ ၅ ခုကြာနေခဲ့ ရာမှာ ဆုဖလားတစ်လုံးမှ မရလို့ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါသတဲ့။ ဒါဆိုရင် ပိုချက်တီနိုကို ထုတ်ပယ်ပြီးနောက်ပိုင်း စပါးအသင်းက ဆုဖလားရရှိခဲ့ပါသလား မေးစရာဖြစ်လာပါတယ်။

၂၀၁၉-၂၀ ဘောလုံးရာသီအစ နိုဝင်ဘာလောက်မှာ စပါးက ရလဒ်တွေဆိုးဝါးနေပြီး အဆင့် ၁၄ နေရာမှာရပ်တည်နေပါတယ်။ အဲဒီအချိန်တုန်းက အဆင့် ၄ နေရာမှ မန်စီးတီးနဲ့ ၁၁ မှတ်ကွာဟနေပါတယ်။ ဒါနဲ့ဘဲ ပိုချက်တီနိုအလုပ်ပြုတ်ခဲ့ရပါတယ်။ အသက် ၅၁ နှစ်အရွယ်ရှိ ပိုချက်တီနိုက အလုပ်ထုတ်ခံရတဲ့အတွက်‌ လျော်ကြေးပေါင် ၁၂.၅ သန်းရရှိခဲ့ပါတယ်။ ပိုချက်တီနိုရဲ့လစာ တစ်နှစ်ပေါင် ၈ သန်းကိုလည်း စာချုပ်အရ စပါးက တစ်နှစ်ဆက်ပြိးပေးခဲ့ရပါသေးတယ်။

စပါးက ပိုချက်တီနိုရဲ့လစာ နှစ်ဆဖြစ်တဲ့ တစ်နှစ်ပေါင် ၁၅ သန်းပေးပြီးတော့ မော်ရင်ညိုကို အလုပ်ခန့်ခဲ့ပါတယ်။ ပိုချက်တီနိုလက်ထက်မှာ ငွေသုံးဖို့လက်တွန့်နေတဲ့ စပါးအကြီးအကဲလက်ဗီက မော်ရင်ညိုရဲ့အသင်းအတွက် ဟော်ဘီယာကို ပေါင် ၁၅ သန်း၊ ဒိုဟာသီကို ပေါင် ၁၅ သန်း၊ ဂတ်ဆန်ဖာနန်ဒက်စ်ကို အငှားကြေးပေါင် ၄ သန်းပေးပြီး ခေါ်ယူခဲ့ပါတယ်။ နောက်ပိုင်းမှာ ဘာ့ချ်ဝင်ကို ၂၇ သန်း၊ လိုဆယ်ဆိုကို ၂၉ သန်း၊ ရက်ဂူလွန်ကို ၂၇ သန်းပေးပြီးထပ်ခေါ်ခဲ့ပါသေးတယ်။ ၂၀၂၁ မှာမော်ရင်ညိုကို အလုပ်ထုတ်ခဲ့ပါတယ်။ လျော်ကြေးပေါင်သန်း ၂၀ ပေးခဲ့ရပါတယ်။

ဒီနောက်ပိုင်းမှာ စပါးက နူနိုဆန်းတို့်စ်ကို အလုပ်ခန့်ခဲ့ပြန်ပါတယ်။ ၇၂ ရက်အကြာမှာ ဆန်းတို့စ်ကို  အလုပ်ထုတ်ပြန်ပါတယ်။ ဆန်းတို့စ်ကို  ထုတ်ပြီးတော့ လက်ဗီက ချဲလ်ဆီးအသင်းမန်နေဂျာဟောင်း ကွန်တီဘက်ကို လှည့်လာပါတယ်။ ကွန်တီရဲ့လစာက တစ်နှစ်ပေါင် ၁၃ သန်းဖြစ်ပါတယ်။ ကွန်တီအတွက် ပြောင်းရွှေ့ကြေးပေါင်သန်း ၁၅၀ ထုတ်ပေးမယ်လို့လည်း လက်ဗီက ပြောခဲ့ပါတယ်။ ကွန်တီရောက်လာပြီးနွေရာသီအပြောင်းအရွှေ့မှာစပါးက ပေါင်သန်း ၁၇၀ အသုံးပြုပြီး ကစားသမား ၇ ဦခေါ်ခဲ့ပါတယ်. ဘရာဇီးလက်ရွေးစင် ရစ်ချာလီဆင်အတွက်ပေါင်သန်း ၅၀ ပေးပြီးခေါ်ယူခဲ့သလို ပါရီဆစ်လိုကစားသမားမျိုးကိုလည်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ခဲ့ပါတယ်။ ဒီနှစ်မှာလည်း စပါးက အေစီမီလန်ကို ရှုံးနိမ့်ပြိး ချန်ပီယံလိဂ်က ထွက်ခဲ့ရပြီဖြစ်ပါတယ်။

စပါးကနောက်ဆုံးတစ်ကြိမ် ဆုဖလားရရှိခဲ့တာကတော့ ၂၀၀၈ က ဖြစ်ပါတယ်။ ပိုချက်တီနိုကိုပြန်ခေါ်ရင် စပါးအသင်းအတွက် ချက်ချင်းရမယ့် အကျိုးကျေးဇူးကတော့ ဟယ်ရီကိန်းကို  အသင်းမှာဆက်ထိန်းနိုင်ဖို့ အခွင့်အရေးကောင်းသွားတာပဲ ဖြစ်ပါတယ််။ ပိုချက်တီနို အနေနဲ့လည်း စပါးကိုပြန်လာပြီးသူ့ရဲ့ ပထမအကြိမ်မှာ မပြီးပြတ်ခဲ့တဲ့ တာဝန်တွေကို  ဆက်လက်ထမ်းဆောင်ဖို့ စိတ်ဝင်စားနေကြောင်း သတင်းများက ဖော်ပြပါတယ်။