8 Mar 2021

ဂျပန်တိုက်စစ်မှူး ကာဇူရိုရှီမူရာဟာ လက်ရှိဘောလုံးလောကမှာတော့ အသက်ကြီးဆုံး ပရော်ဖက်ရှင်နယ်ကစားသမားတစ်ဦးအဖြစ်ရပ်တည်နေသူဖြစ်ပြီး လက်ရှိအချိန်မှာတော့ အသက် ၅၄ နှစ်ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။ သူ့ရဲ့နာမည်ပြောင်က ကာဇူဖြစ်ပြီး လက်ရှိ အချိန်မှာ ဂျေလိဂ်ကလပ် ရိုကိုဟားမားအသင်းမှာ ကစားနေသူဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာ့သက်တော်ရှည်တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ကာဇူရိုရှီမူရာရဲ့ ဖွင့်ဟပြောဆိုမှုတွေကို ပရိသတ်တွေသိရှိစေဖို့အတွက် တင်ပြလိုက်ပါတယ်။

Kazuyoshi Miura, the oldest professional footballer in the world | The  Indian Paper

ယိုကိုဟားမားအသင်းနဲ့ စာချုပ်သစ်ထပ်မံချုပ်ဆိုနိုင်တဲ့အတွက် ဂုဏ်ယူရပါတယ်။ ခင်ဗျားအနေ နဲ့ ယိုကိုဟားမားအသင်းနဲ့ စာချုပ်သစ်ထပ်မံချုပ်ဆိုဖို့ကို အချိန်ယူစဉ်းစားခဲ့ရတာရောရှိသေးလား။
ယိုကိုဟားမားအသင်းကနေ ကမ်းလှမ်းမှုရရှိတဲ့အခါ ကျွန်တော့်အနေနဲ့ ဆက်လက်ကစားချင်သေးတယ်ဆိုတာကို ခံစားမိတာကြောင့် ဆုံးဖြတ်ချက်ချဖို့အတွက် အချိန်ယူစဉ်းစားခဲ့ရခြင်းမရှိ ပါဘူး။ ဒါပေမယ့် လူငယ်ကစားသမားတွေနဲ့အတူ လေ့ကျင့်မှုတွေပြုလုပ်ရမှာဖြစ်တာကြောင့် ကျွန်တော့်ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ကိုယ်ကာယပိုင်းအကောင်းဆုံးဖြစ်တယ်ဆိုမှ ဒီဆုံးဖြတ်ချက်ကိုချတာဖြစ်ပါတယ်။


ကိုရိုနာကပ်ရောဂါကြောင့် ဘောလုံးကစားရတဲ့ လက်ရှိအချိန်နဲ့ ယခင်အချိန်တွေက ဘာတွေကွာ ခြားလည်းဆိုတာကို ပြောပြပါဦး။
ကိုရိုနာကပ်ရောဂါ ပြန့်ပွားမှုစတင်တဲ့အခါ ဂျပန်ကအရေးပေါ်အခြေအနေကြေညာခဲ့တာကြောင့် အနာဂတ် ဘယ်လိုဖြစ်မလဲဆိုပြီးတော့တောင် စိုး ရိမ်မိခဲ့ပါသေးတယ်။ ကျွန်တော့်ရဲ့နေ့စဉ်ဘဝနဲ့ ကစားသမားဘဝဘယ်လိုဖြစ်မလဲဆိုပြီးတော့လည်း စဉ်းစားနေခဲ့မိပါတယ်။ ဒါပေမယ့် လူသားတွေရဲ့ ကြိုးစားမှုကိုတော့ ကျေးဇူးတင်ရပါတယ်။ ဂျေလိဂ် ကိုပြန်စနိုင်ခဲ့ပါတယ်။ ကူးစက်မှုကာကွယ်ရေးနဲ့ ပြိုင်ပွဲစီမံမှုတွေကတော့ ယခင်နဲ့မတူ ကွဲပြားခြား နဲ့တဲ့ပုံစံမျိုးတွေနဲ့ တွေ့ရပါတယ်။ ဒါပေမယ့် ပြိုင်ပွဲ တွေပြန်စနိုင်ပြီး ပြန်ကစားရတဲ့အတွက် အရမ်း ကို ပျော်ရွှင်ကျေနပ်ရပါတယ်။


ခင်ဗျားအနေနဲ့ ကိုရိုနာကပ်ရောဂါကာလအတွင်း ဘာတွေများ လေ့လာသင်ယူနိုင်ခဲ့လဲ။
ကပ်ရောဂါကြီးဟာ ကျွန်တော်တို့ကို အားကစားရဲ့တန်ဖိုးကိုပိုမိုသိမြင်စေပါတယ်။ ပြည်ပလိဂ်တွေဆိုရင် အခုအချိန်အထိ ပရိသတ်မပါဘဲကျင်းပနေရတုန်းပါ။ ဂျပန်ကတော့ ပရိသတ်တစ်ဝက်လောက်နဲ့ကစားနေနိုင်ပါပြီ။ ဒါကလည်း ဂျပန်ပရိသတ်တွေရဲ့ စိတ်အားထက်သန်မှုနဲ့ စည်းကမ်းကောင်းမှုကို ပြသတာလည်းဖြစ်ပါတယ်။

Kazuyoshi Miura: A professional footballer at 53 - how he does it - BBC News


ခင်ဗျားဟာ အခုလက်ရှိ အသက် ၅၄ နှစ်အထိ ထိပ်တန်းအဆင့်မှာ ကစားနေနိုင်သေးတယ်နော်။ အခုလိုကစားနိုင်နဲ့ပတ်သက်ပြီးလည်း ခင်ဗျားကို ခင်ဗျားအံ့အားသင့်မိလား။ ခင်ဗျားအနေနဲ့အခုလို အချိန်ကြာမြင့်စွာ ကစားသမားဘဝကို ကစားနိုင် လိမ့်မယ်လိုရောထင်မိလား။
ကျွန်တော်ဟာ အသက် ၁၈ နှစ်အရွယ်တုန်းက ဘရာဇီးမှာ ပထမဦးဆုံး ပရော်ဖက်ရှင်နယ် စာချုပ်ကိုချုပ်ဆိုခဲ့တာဖြစ်ပြီး အခုလိုအသက်အရွယ်အထိ ကစားရလိမ့်မယ်လို့မထင်ထားခဲ့ပါဘူး။ ဒါပေမယ့် အခုအရွယ်အထိကစားနိုင်တာက နှစ်တိုင်းအကောင်းဆုံးအင်အားတွေကို စုစည်းထားနိုင်တာကြောင့်ဖြစ်ပါတယ်။


ဘယ်လိုခံစားမိတာကြောင့် အသင်းနဲ့နောက်ထပ် စာချုပ်သစ်ထပ်မံချုပ်ဆိုဖို့ ဆုံးဖြတ်လိုက်တာလဲ။
အသင်းကို စာချုပ်နဲ့ပတ်သက်ပြီး မပြောပါဘူး။ အသင်းအနေနဲ့ ဆန္ဒမရှိရင်လည်း ကျွန်တော်က စာချုပ်ချုပ်ဆိုမှာမဟုတ်ပါဘူး။ ကျွန်တော့်အနေနဲ့ အသင်းအတွက် စွမ်းဆောင်ပေးနိုင်သေးတာ ကြောင့်လည်း အသင်းက စာချုပ်ချုပ်ဆိုဖို့ကမ်းလှမ်းတာပါ။ ကျွန်တော်ကတော့ အသင်းအနိုင်ရ ရှိဖို့အတွက် အရာအားလုံးကူညီသွားဖို့ ဆန္ဒရှိပါတယ်။

Japanese striker Kazuyoshi Miura signs new Yokohama contract ahead of 54th  birthday | Daily Mail Online


ယိုကိုဟားမားအသင်းနဲ့အတူ ဒီနှစ်ရာသီမှာ ဘာတွေကိုမျှော်လင့်ပြီး ဘယ်လိုဦးတည်ချက်တွေ ထားရှိထားလဲ။
ကျွန်တော်ကတော့ တတ်နိုင်သလောက် ပွဲထွက်ကစားဖို့ မျှော်လင့်နေပါတယ်။ အသင်းအနေနဲ့ ထိပ်တန်း ၁၀ သင်းထဲရောက်ဖို့အတွက်လည်း အကောင်းဆုံးကူညီသွားဖို့လည်း ပြင်ဆင်ထားပါ တယ်။


ဘယ်အသက်အရွယ်လောက်ကနေစပြီး ဘရာဇီးမှာကစားဖြစ်ခဲ့တာလဲ။
ကျွန်တော်ဟာ အသက် ၁၅ နှစ်အရွယ်ကတည်းက ဘရာဇီးကိုရောက်ရှိနေခဲ့တာဖြစ်ပြီး အသက် ၁၈ နှစ်အရွယ်မှာ ဆန်းတို့စ်နဲ့ ပရော်ဖက်ရှင်နယ်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်တယ်။ ကျွန်တော့်အနေနဲ့ အခုလို ပရော်ဖက်ရှင်နယ်ကစားသမား ဘဝရပ်တည်နိုင်ဖို့အတွက် ဘရာဇီးမှာအားလုံးအခြေခံရရှိခဲ့တာဖြစ်ပါတယ်။

Kazuyoshi Miura, 52, signs new contract - ProSoccerTalk | NBC Sports


ခင်ဗျားအနေနဲ့ ကိုယ့်ကိုကိုယ်ခေါင်းဆောင် တစ်ဦးအနေနဲ့ မြင်မိလား။ ဒါမဟုတ် ဘယ်လို မြင်မိလဲ။
အသင်းရဲ့ကစားသမားတွေနဲ့ ကျွန်တော့်ကြားမှာ အသက်အရွယ်ကွာခြားမှုက အရမ်းကိုကြီးမားပါတယ်။ အဖေနဲ့သားလိုပါပဲ။ သူတို့အနေနဲ့ ကျွန်တော့်ကို ဘယ်လိုမြင်လဲဆိုတာကိုပဲ မေးချင်ပါတယ်။ ကွင်းထဲမှာတော့ ကျွန်တော်ဟာ အခြားကစားသမားတွေထက် နှစ်ပေါင်းရှည်ကြာစွာကစားခဲ့တာကြောင့် ဘောလုံးအပေါ်နှစ်သက်မြတ်နိုးမှုတွေကို ပိုမိုပြသနိုင်တယ်လို့ ခံစားမိပါတယ်။

Oldest pro footballer ever Kazuyoshi Miura signs new one-year deal… aged 51


ကစားသမားဘဝ အဆုံးသတ်တဲ့အခါ နည်းပြ လောကကိုဝင်ရောက်ဖို့ စိတ်ဝင်စားမှုရှိလဲ။
အခုလိုအခြေအနေမျိုးမှာတော့ ကျွန်တော့်အနေနဲ့ နည်းပြဘဝကိုဝင် ရောက်ဖို့စဉ်းစားထားခြင်း မရှိပါဘူး။ ဒါ့အပြင်ကစားသမားဘဝကနေထွက်ခွာဖို့လည်း မစဉ်းစားထားပါဘူး။ ဘောလုံး လောကထဲကို တစ်နည်းနည်းနဲ့ ဝင်ရောက် ဖို့စဉ်းစားနေပါတယ်။ ကျွန်တော့်အနေနဲ့ ဘယ် လောက်အထိကစားဦးမယ်ဆိုတာကိုလည်း မသိသေးပါဘူး။ မနက်ဖြန်အထိလည်း ဖြစ်နိုင်သလို လက်ရှိအချိန်ကနေ နောက်ထပ် ၂ နှစ်၊ ၃ နှစ် အထိလည်းဖြစ်နိုင်ပါတယ်။

Japanese striker Kazuyoshi Miura becomes the oldest player in professional  football history at 53 years of age - TechnoSports


နောက်ဆုံးအနေနဲ့ တစ်ကမ္ဘာ့လုံးက ပရိသတ်တွေကို ခင်ဗျားအနေနဲ့ ဘာပြောချင်သေးလဲ။
ကိုရိုနာကပ်ရောဂါကြောင့် တစ်ကမ္ဘာ့လုံးကအခက်အခဲတွေနဲ့ ရင်ဆိုင်ရတုန်းလို့ ပြောရမှာပါ။ ဒါပေမယ့် လူသားတွေရဲ့ကြိုးစားမှုကြောင့် ဘောလုံးကတော့ ကစားနေနိုင်ပါတယ်။ ဒါကလည်း ကံကောင်းမှုတစ်ခုလို့ပြောရမှာပါ။ ကျွန်တော်တို့အနေနဲ့အတူတကွ လုပ်ဆောင်ကြမယ်ဆိုရင် ဒီအခက်အခဲကိုဖြတ်ကျော်နိုင်မှာပါ။ ကွင်းထဲကို ပရိသတ်တွေပြန်လည်ရောက်လာနိုင်မယ့်ရက်က လည်း မကြာခင်ရောက်လာမှာပါ။ ခက်ခဲတဲ့နေ့ရက်တွေရှိနေခဲ့ပေမယ့် တစ်နေ့မှာတော့ ကျွန်တော်တို့အတူတကွ အောင်ပွဲခံမှုတွေလုပ်နိုင်မယ်ဆိုတာကို ယုံကြည်မိပါတယ်။ အားလုံးဂရုစိုက်ကြပါ။ ပျော်ရွှင်တဲ့ဘဝတွေပိုင်ဆိုင်နိုင်ကြပါစေ။

အောင်က