10 Dec 2020

ဆောက်သမ်းမြန်မာအသင်းနည်းပြ ဦးကျော်မင်းက မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲဝင် ကလပ်အသင်းများ နည်းပါးသွားခြင်းက ရေရှည်တွင်မြန်မာဘောလုံးလောကကို ထိခိုက်လာနိုင်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။
လာမည်ဘောလုံးရာသီတွင် ဆောက်သမ်းမြန်မာအသင်းအနေဖြင့် မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်တော့မည်မဟုတ်ဟု မြန်မာနေရှင်နယ်လိဂ်ကော်မတီသို့စာတင်ထားသည်။ ဆောက်သမ်းမြန်မာအသင်းသည် လာမည်ရာသီဘောလုံးပြိုင်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်တော့မည်မဟုတ်တော့သောကြောင့် ကစားသမားများကို နစ်နာကြေးများပေးအပ်ခဲ့သည်။
လာမည့်ရာသီတွင်လိဂ်ပြိုင်ပွဲသို့ ဝင်ရောက်မယှဉ်ပြိုင်တော့ခြင်းနှင့်ပတ်သက်၍ နည်းပြဦးကျော်မင်းက “ကျွန်တော့်အနေနဲ့ သိရတာကတော့ လာမယ့်ရာသီပြိုင်ပွဲကို အသင်းအနေနဲ့ ဝင်မပြိုင်တော့ဘူးဆိုပြီး လိဂ်ကော်မတီကို စာတင်ထားတယ်ဆိုတာကိုတော့သိထားရပါတယ်။ အမှန်အတိုင်းပြောရရင် အသင်းနဲ့ချုပ်ဆိုထားခဲ့တဲ့ စာချုပ်သက်တမ်းပြည့်သွားခဲ့တာကြောင့် ကျွန်တော့်အနေနဲ့အသင်းက နစ်နာကြေးတွေမရပါဘူး။ နစ်နာကြေးရတာဆိုလို့ အသင်းကြီးနဲ့ စာချုပ်သက်တမ်းကျန်တဲ့ ဂိုးသမားပြည့်ဖြိုးအောင်တစ်ဦးပဲရှိပါတယ်။ ကျန်တစ်သင်းလုံးနီးပါးက စာချုပ်သက်တမ်းပြည့်သွားတာကြောင့် နစ်နာကြေးမရပါဘူး။ လက်ရှိကိုရိုနာဗိုင်းရက်စ်ကာလအတွင်းမှာ သူဋ္ဌေးတွေလည်း စီးပွားရေးအခက်အခဲတွေရှိတာကြောင့် အခုလိုမျိုးအသင်းတွေကို ဖျက်သိမ်းလိုက်တာလို့ မြင်ပါတယ်။ ဒါဟာ မြန်မာဘောလုံးလောကအတွက် ရေရှည်ကိုကြည့်မယ်ဆိုရင် နစ်နာမှုတွေရှိနိုင်ပါတယ်။ ကလပ်အသင်းတွေ နည်းသွားတာကြောင့် ကစားသမားတွေလည်းနည်းပါးသွားနိုင်ပါတယ်။ ဒါကြောင့် မြန်မာဘောလုံးလောကအတွက်လည်း ထိခိုက်နိုင်ပါတယ်”ဟု သုံးသပ်ပြောကြားခဲ့သည်။
လာမည်ဘောလုံးရာသီကို ဆောက်သမ်းမြန်မာအသင်းဝင်ရောက်ယှဉ်ပြိုင်တော့မည်မဟုတ်ပဲ အသင်းဖျက်သိမ်းခဲ့သောကြောင့် ယခုနှစ်ဘောလုံးရာသီတွင် အသင်းဖျက်သိမ်းခဲ့သည့် အသင်းပေါင်း ၄ သင်းအထိရှိလာပြီဖြစ်သည်။ ဆောက်သမ်းမြန်မာအသင်းမတိုင်ခင် ဇွဲကပင်၊ ချင်းယူနိုက်တက်နှင့် မကွေးအသင်းတို့မှာလည်း ဘဏ္ဍာရေးအခြေအနေများကြောင့် အသင်းများကို ဖျက်သိမ်းခဲ့သည်။
လာမည်ရာသီတွင် လိဂ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့်အသင်းများကို ဒီဇင်ဘာလ အကုန်တွင်ပြုလုပ်မည့် လိဂ်ကော်မတီအစည်းအဝေးတွင် အတည်ပြုဆုံးဖြတ်မည်ဖြစ်ကြောင်း မြန်မာနေရှင်နယ်လိဂ်ကော်မတီမှ သတင်းထုတ်ပြန်ထားခဲ့သည်။