1 Oct 2021

ဆွာရက်ဇ်က ဘာစီလိုနာကနေ အက်သလက်တီကိုမက်ဒရစ်ကို ပြောင်းတာ ၁၂ လ ရှိပါပြီ။ ဘာစီလိုနာအသင်း သမိုင်းတစ်လျှောက် တတိယမြောက် ဂိုးအများဆုံးသွင်းသူ ဖြစ်ခဲ့တဲ့ ဆွာရက်ဇ်ဟာ အသက် ၃၃ နှစ်အရွယ်မှာ အဆင့်အမြင့်ဆုံးပြိုင်ပွဲတွေမှာ ခြေစွမ်းပြနိုင်သေးတယ် ဆိုတာကို သက်သေပြဖို့ အသင်းပြောင်းခဲ့ပါတယ်။ အက်သလက်တီကိုမက်ဒရစ်မှာ ဆီမြွန်နီရဲ့ အထာတွေနဲ့ အဆင်ပြေခဲ့ပြီးတော့ ပြီးခဲ့တဲ့ ဘောလုံးရာသီက ဆွာရက်ဇ် ၂၁ ဂိုး သွင်းခဲ့ပါတယ်။

ဒီနှစ်မှာတော့ ဆွာရက်ဇ်ရဲ့ ရင်းနှီးတဲ့သူငယ်ချင်း မက်ဆီလည်း နူးကမ့်ကို စွန့်ခွာခဲ့ပါတယ်။ ဆွာရက်ဇ်ကို အသင်းက ပထုတ်ခဲ့တယ်လို့ ပြောခံခဲ့ရတဲ့ ကိုးမန်းလည်း လက်ရှိအချိန်မှာ အလုပ်ပြုတ်မတတ် ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က ဂီတာဖေးကို ၂ ဂိုး၊ အေစီမီလန်ကို ပင်နယ်တီ ၁ ဂိုး သွင်းနိုင်ခဲ့တဲ့ ဆွာရက်ဇ်ဟာ အခုအချိန်မှာ ခြေစွမ်းအတက်ဘက်ကို ရောက်နေပါတယ်။ စနေနေ့ည ၁:၃၀ မှာ လာလီဂါပွဲစဉ်(၈)အဖြစ် အက်သလက်တီကိုက ဘာစီလိုနာကို အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပြီး ဆွာရက်ဇ်နဲ့ ကိုးမန်းတို့ မျက်နှာချင်းဆိုင် ပြန်တွေ့ပါပြီ။ ဒီတွေ့ဆုံမှုမတိုင်ခင် ဆွာရက်ဇ်ရဲ့ ပြောစကားများကို ဖော်ပြလိုက်ပါတယ်။

ဒီတစ်ပတ်မှာ အရေးကြီးတဲ့ပွဲ ကစားစရာရှိတယ်။ အသင်းရဲ့အခြေအနေနဲ့ ခင်ဗျားရဲ့အခြေအနေ အဆင်ပြေနေလား။
အက်သလက်တီကိုနဲ့ ဘာစီလိုနာပွဲက အမြဲတမ်း ခက်ခဲလေ့ရှိပါတယ်။ မိနစ် ၉၀ အတွင်း ပိုကောင်းတဲ့အသင်းက နိုင်မှာပေါ့။ တစ်မိနစ်လောက်တောင် အာရုံပြားသွားလို့ မရဘူး။ အေစီမီလန်ကိုနိုင်ပြီး တစ်သင်းလုံးက စိတ်ဓာတ်တက်ကြွနေပါတယ်။ ကျွန်တော်တို့ အမှားအယွင်းနည်း‌အောင် ကစားသွားရမှာပါ။

ဒီရာသီအစမှာ ဘာတွေတွေ့ရှိခဲ့ရသလဲ။ ဘာတွေကို တိုးတက်အောင်လုပ်ရမလဲ။
အက်သလက်တီကိုအနေနဲ့ ပွဲအစ မိနစ်အနည်းငယ်ဟာ ခက်ခဲပြီး အရေးကြီးတယ်ဆိုတာကို နားလည်ဖို့လိုတယ်။ ဒီအချိန်ပိုင်းလေးမှာ ပြိုင်ဘက်ကို မထိန်းချုပ်နိုင်ရင် သူတို့က ဦးဆောင်သွားတတ်တယ်။ အသင်းရဲ့ ခိုင်မာမှုနဲ့ ယုံကြည်ချက်ကို တည်ဆောက်ဖို့ ပထမမိနစ်အနည်းငယ်ဟာ အရေးအကြီးဆုံးပါပဲ။

ခင်ဗျားတို့ကို ပွဲချိန်စောစောပိုင်းမှာ အနိုင်နဲ့ပိုင်းနိုင်ဖို့ အရေးကြီးတယ်။ ဒါမှမဟုတ်ရင် ပွဲပြီးခါနီးမှာ ဒုက္ခပေးခံရတတ်တယ်လို့ တခြားလူတွေပြောနေတာကရော။
ပြိုင်ဘက်ကို အနိုင်ယူဖို့ ကျွန်တော်တို့ နောက်ဆုံးမိနစ်အထိ မစောင့်သင့်ပါဘူး။ ဒါပေမယ့် တစ်ခါတလေ ကျွန်တော်တို့ ဒီလိုဖြစ်တတ်ပါတယ်။ အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ ဆောင်ပုဒ်က ပွဲမပြီးမချင်း ယုံကြည်ချက် မပျောက်ပါနဲ့ ဆိုတာပါပဲ။ လက်ရှိဖြစ်နေတဲ့ အခြေအနေပေါ်မှာလည်း မူတည်တယ်။ ဒါပေမယ့် အတင်းကြီး နောက်ကလိုက်ကစားရတာမျိုး မဖြစ်ဖို့တော့ ကျွန်တော်တို့ ပြုပြင်သင့်တယ်။ ဒါပေမယ့် နောက်ဆုံးအချိန်ထိ စိတ်မလျှော့တာကတော့ အမှန်တရား တစ်ခုပါပဲ။ အဆုံးအထိ တိုက်ပွဲဝင်သွားဖို့ဆိုတာ တကယ်တော့ မလွယ်ဘူးဗျ။ လာလီဂါရဲ့ အဆင့်အတန်းကလည်း ပြောင်းလဲလာတယ်။

နောက်ဆုံးအချိန်ကျမှ အနိုင်ယူလိုက်ရင် အနိုင်ပွဲက ပိုပြီးအရသာရှိသလား။
အနိုင်ရရင်တော့ ပိုပြီးအရသာရှိတာပေါ့။ တစ်ပွဲလုံး အတင်းနောက်ကလိုက်ကစားနေရတာတော့ ဘယ်လွယ်မလဲ။ ဒါပေမယ့် ဒီလိုကစားပြီးမှ အနိုင်ရလိုက်ရင် ပိုပြီးချိုမြိန်တာကတော့ မှန်ပါတယ်။

အက်သလက်တီကိုမှာ ခင်ဗျားက ခေါင်းဆောင်တစ်ယောက်ပါ။ ကွင်းထဲမှာ အရေးပါပြီး ပျော်ရွှင်နေတာကို အားလုံးက တွေ့ရတယ်။ ဒါနဲ့ပတ်သက်ပြီး ပြောပြပေးပါဦး။
မှန်ပါတယ်။ ကျွန်တော် ပျော်ရွှင်နေတယ်။ အသင်းဖော်တွေနဲ့ ပရိသတ်ရဲ့ ယုံကြည်ချက်ကို ရထားတယ်။ ကြံ့ခိုင်မှု ပြည့်ဝသည်ဖြစ်စေ၊ မပြည့်ဝသည်ဖြစ်စေ ခင်ဗျားရဲ့ခြေစွမ်းကို ယုံကြည်ပြီး ဘာလုပ်ပေးနိုင်တယ်ဆိုတာကို နားလည်လက်ခံထားကြတဲ့အတွက် ကျွန်တော့်ကို အရေးပါပြီး ပျော်ရွှင်စေပါတယ်။ ဒီအချက်က အရေးကြီးတယ်လေ။

ခင်ဗျားက ဘာစီလိုနာကို သူများထက်ပိုသိတယ်။ စနေနေ့ ရင်ဆိုင်ရမယ့်ပွဲမှာ အဓိကသော့ချက်က ဘာဖြစ်လာမလဲ။
လက်ရှိဘာစီလိုနာ ခြေစွမ်းနဲ့ စိတ်ဓာတ်က အကောင်းဆုံး မဟုတ်ပေမယ့် ကျွန်တော်တို့ ဂရုစိုက်ဖို့ လိုတယ်။ သူတို့ လီဗန်တေးကို နိုင်ထားပေမယ့် ဘန်ဖီကာကို ရှုံးထားတယ်။ အခြေအနေပြောင်းလဲဖို့ သူတို့ တိုက်ခိုက်ကြိုးစားလာနိုင်တယ်။ ကစားသမားတွေက ဂုဏ်သိက္ခာအတွက် ကြိုးစားလာနိုင်ပြီး ကျွန်တော်တို့ ဂရုစိုက်ဖို့လိုတယ်။ လက်ရှိအခြေအနေကနေ အခွင့်အရေးယူနိုင်ဖို့ ကြိုးစားရမယ်။ သူတို့ အခက်အခဲနဲ့ ရင်ဆိုင်နေရပေမယ့် လျှော့တွက်လို့ မရဘူး။

ခင်ဗျားနဲ့မက်ဆီကို သူတို့ဘယ်လိုဆက်ဆံလဲ။ အထူးသဖြင့် ခင်ဗျားနဲ့ ကိုးမန်းကြားမှာပေါ့။ အနိုင်ရဖို့အတွက် ပိုပြီး တွန်းအားတွေ ဖြစ်လာသလား။
ကျွန်တော်က ဘောလုံးကစားတာကိုချစ်တဲ့ ပရော်ဖက်ရှင်နယ် တစ်ယောက်ပါ။ လက်ရှိဝတ်ဆင်ထားတဲ့ ဂျာစီအပေါ်မှာ ၁၅၀ ရာခိုင်နှုန်းလောက် စိတ်နှစ်မြှုပ်ထားပါတယ်။ ဘာစီလိုနာအတွက် နှစ်ပေါင်းများစွာ ဂုဏ်ယူပြီး ကစားပေးခဲ့တယ်။ ဘာဆာက ထွက်ခွာလာပြီးနောက် ကျွန်တော့်ကို တံခါးဖွင့်ပေးခဲ့တဲ့ အက်သလက်တီကိုအတွက် အခု ကျွန်တော် ကြိုးစားနေပါတယ်။ လက်ရှိမှာ ပျော်ရွှင်နေပြီး ကျွန်တော့်အလုပ်ကို ကျွန်တော် ချစ်ပါတယ်။ ကျွန်တော်ရင်ဆိုင်ရမယ့် ပြိုင်ဘက်က ဘယ်သူလဲဆိုတာ စိတ်မဝင်စားပါဘူး။

ကိုးမန်းရဲ့ ဆက်ဆံရေးက ခင်ဗျားကို နာကျင်စေသလား။
ကျွန်တော် ပြောခဲ့ဖူးပါတယ်။ ဒီလိုပုံစံနဲ့ ကျွန်တော့်ကို မဆက်ဆံသင့်ဘူး ထင်တယ်။ ကျွန်တော့်ကို အစစအရာရာ ရှင်းပြသင့်တယ်။ ဒီအဖြစ်အပျက်တွေကို မေ့လို့မရဘူးဆိုတာ မှန်တယ်။ ဒီအကြောင်းကို မတွေးသင့်ပါဘူး။ ကျွန်တော့်အလုပ်ကို အကောင်းဆုံးဖြစ်အောင်လုပ်ပြီး အရေးပါတဲ့ ကစားသမားဖြစ်ကြောင်း သက်သေပြဖို့ပဲ လိုပါတယ်။ ပြီးခဲ့တဲ့နှစ်က လုပ်ပြခဲ့သလို ဒီနှစ်လည်း ဆက်လုပ်ပြမှာပါ။

စနေနေ့ပွဲမှာ ခင်ဗျားတို့က ဖေးဗရိတ်လား။
မထင်ပါဘူး။ ဘယ်သူမှ ရေပန်းမစားဘူး။ ကျွန်တော်တို့ အလာဗက်စ်လို ဇယားအောက်ဆုံးက အသင်းကိုလည်း ရှုံးခဲ့ဖူးတယ်။ အဲဒီတုန်းက ကျွန်တော်တို့က ရေပန်းစားနေတာပေါ့။ ဒီလိုပွဲတွေက ချန်ပီယံဖြစ်ရေးကို အဆုံးအဖြတ် ပေးတတ်တယ်။ ဒါပေမယ့် ကြီးမားတဲ့ ပြိုင်ဘက်တွေနဲ့ တွေ့တဲ့အခါ ကိုယ့်အဆင့်အတန်းကိုပြပြီး သက်သေပြနိုင်ဖို့ လိုတယ်။ ပွဲကြီးတွေက အသင်းနဲ့ ကစားသမား တစ်ဦးချင်းစီအကြောင်းကို ဖော်ပြလေ့ရှိတယ်။ ဒီလိုပွဲတွေမှာ ခြေစွမ်းပြနိုင်ရမယ်။

ခင်ဗျားနဲ့ ဂရိဇ်မန်းက ဘာဆာမှာ ပြီးခဲ့တဲ့အချိန်တွေတုန်းက ဘာဖြစ်ခဲ့သလဲ ပြောဆိုခဲ့တာရှိလား။
ကျွန်တော်တို့က ဘာစီလိုနာဟာ အသင်းကြီးဆိုတာ သိပါတယ်။ ဒါပေမယ့် ဘိုင်ယန်ကို ၈-၂ နဲ့ရှုံးတဲ့ ဘောလုံးရာသီမှာ ကစားသမားတွေအနေနဲ့ ဝေဖန်ခံထိုက်တယ်။ ကိုယ့်အဆင့်ကိုယ် မပြနိုင်ဘူးလို့ ထင်ပါတယ်။ တာဝန်ရှိတယ်လို့လည်း ထင်တယ်။ ရှုံးတာကတစ်မျိုး၊ ဘယ်လိုရှုံးလဲဆိုတာက တစ်မျိုးပါ။ ဒါပေမယ့် ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်ဖို့လည်း လိုတယ်။ ဘာစီလိုနာကို ရောက်သွားတာနဲ့ ခြေစွမ်းထိန်းနိုင်မယ်ဆိုတာ မသေချာဘူး။ ဘယ်သူမဆို နူးကမ့်ကိုရောက်သွားပြီး ကလပ်အသင်းရဲ့ တောင်းဆိုမှုတွေက များတယ်လို့ ဖြစ်သွားနိုင်တယ်။ ကျွန်တော်ကတော့ ခြေစွမ်းထိန်းနိုင်တာကို ဂုဏ်ယူတယ်။ အသင်းမှာ ဘာဖြစ်နေလဲ မြင်ရတာကက နာကျင်စေပါတယ်။ ဘာစီလိုနာက ကျွန်တော့်ကစားသမားဘဝမှာ အရေးပါခဲ့ပြီး ကျွန်တော်က အသင်းရဲ့ပရိသတ် တစ်ယောက်ပါ။

ခင်ဗျား အက်သလက်တီကိုကို ရောက်လာပြီး အမှတ်ပေးချန်ပီယံဖြစ်ခဲ့သလို ဒီနှစ်မှာလည်း ဂိုးတွေသွင်းနေနိုင်တယ်။ အက်သလက်တီကို ခင်ဗျားအတွက် ပျော်ရွှင်စရာ အိုအေစစ်လေး ဖြစ်နေလား။
ကျွန်တော်နဲ့ ကျွန်တော့်မိသားစုအတွက် မှန်ပါတယ်။ ကွင်းထဲမှာလည်း ပျော်ရတယ်။ အသင်းရဲ့ ပတ်ဝန်းကျင်နဲ့ လေ့ကျင့်ရေးကွင်းမှာလည်း ကောင်းတယ်။ ဘာတစ်ခုမှ ဆိုးတာလည်းမရှိဘူး။ ကွင်းထဲမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ အကောင်းဆုံး လှုပ်ရှားပြဖို့ အခွင့်အရေး ရှိပါတယ်။ ကျွန်တော့်အနေနဲ့ ဆုဖလားတွေ အများကြီးရပေမယ့် ဘယ်တော့မှ ပျင်းမသွားဘူး။ ကျွန်တော် အနိုင်ရတာကို သိပ်ကြိုက်တယ်။

စနေနေ့မှာ ဘယ်နှစ်ဂိုးသွင်းမှာလဲ။
စနေနေ့မှာ အသင်းအနေနဲ့ အနိုင်ရရင် လုံလောက်ပါပြီ။ အခွင့်အရေးရရင် ကျွန်တော်ဂိုးသွင်းမယ်။ အက်သလက်တီကို အနိုင်ရရင် ကျွန်တော် ပျော်ပါတယ်။

မက်ဆီမပါတဲ့ ဘာစီလိုနာကို တွေ့ရတာ ထူးဆန်းလား။
မှန်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း နူးကမ့်ကို ပြိုင်ဘက်အနေနဲ့ သွားရတာ ကျွန်တော့်အတွက် ထူးဆန်းပါတယ်။ ဒီနှစ်တော့ သူ့ကို ဘာစီလိုနာဂျာစီနဲ့ မတွေ့ရတာ ထူးဆန်းပြန်တယ်။ လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ကျွန်တော်တို့နှစ်ယောက်လုံး ဘာစီလိုနာမှာပေါ့။ အခုတော့ သူက ပဲရစ်၊ ကျွန်တော်က အက်သလက်တီကိုမှာ ရောက်နေတယ်။