10 Sep 2021

၁၂ နှစ်အကြာမှာ ရော်နယ်ဒို ပြန်ရောက်လာလို့ မန်ယူပရိသတ်တွေရဲ့ မျှော်လင့်ချက်ကတော့ မိုးထိအောင် မြင့်မားနေမှာပါ။ စနေနေ့ နယူးကာဆယ်နဲ့ပွဲမှာ ရော်နယ်ဒိုက ပရိသတ်တွေရှေ့ နှစ်ပေါင်းများစွာအတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် မန်ယူဂျာစီနဲ့  ပွဲထွက်လာပါလိမ့်မယ်။ ပေါ်တူဂီလက်ရွေးစင် ရော်နယ်ဒိုက သူ့ရဲ့မျှော်လင့်ချက်နဲ့ စိတ်လှုပ်ရှားမှုတွေကို ထိန်းချုပ်နိုင်ဟန်မတူဘဲ အသင်းဖော်ဟောင်း ဝက်စ်ဘရောင်းနဲ့ ဒီအကြောင်းတွေ ပြောဖြစ်ခဲ့ပါတယ်။

မန်ယူကို တစ်ကျော့ပြန်လာရခြင်း
“အသက် ၁၈ နှစ်အရွယ် ကျွန်တော် မန်ယူကိုရောက်တော့ အသင်းမှာ ဖာဒီနန်၊ ရွိုင်းကိန်း၊ စခိုး၊ ဂယ်ရီနဗီး၊ ဝက်စ်ဘရောင်းတို့ ရှိနေတယ်။ မန်ယူမှာ ကစားခွင့်ရရေးက ကျွန်တော့်အိပ်မက်ပါ။ ကျွန်တော် အများကြီး သင်ယူနိုင်ခဲ့သလို ချန်ပီယံလိဂ်လည်း ရရှိခဲ့ပါတယ်။ အိုးထရက်ဖို့ကို ပြန်ရောက်လာတာက အတိတ်က ကောင်းမွန်မှုတွေကို သတိရစေသလို မျိုးဆက်သစ်တွေနဲ့ အောင်မြင်မှုရရှိရေး ကျွန်တော် ပြန်လာခဲ့တာပါ။ လူငယ်ကစားသမားသစ်တွေနဲ့ လက်တွဲပြီး သမိုင်းသစ် ရေးထိုးသွားမှာပါ။ လူတွေက ကျွန်တော့်ရဲ့ နှလုံးသားကြောင့် ပြန်လာတယ်လို့ ပြောပါတယ်။ အကောင်းဆုံးတွေ လုပ်ပြနိုင်ကြောင်း သက်သေပြဖို့ ကျွန်တော် ပြန်လာခဲ့တာပါ”

အသက်အရွယ်
“လူတွေက ကျွန်တော့်ရဲ့ အသက်အရွယ်ကို ထောက်ပြကြပါတယ်။ ဒါပေမယ့် ကျွန်တော်ဟာ အရင်ကနဲ့ မတူတော့ဘူးဆိုတာ သူတို့သိဖို့လိုတယ်။ ကျွန်တော်က တခြားကစားသမားတွေနဲ့ မတူဘူး ဆိုတာကိုလည်း နှစ်တိုင်း သက်သေပြခဲ့ပါတယ်။ ဒီနှစ်လည်း သက်သေပြသွားမယ်။ အသင်းဖော်တွေနဲ့ တွဲကစားနိုင်မှာလည်း တစ်ရာရာခိုင်နှုန်း သေချာတယ်။ ပရိသတ်တွေကလည်း ကွင်းထဲဝင်ကန်လုမတတ် အားပေးမှာကို သိတယ်။ မန်ယူရဲ့ ကွင်းထဲမှာ အရေးပါတဲ့ ဆုဖလားတွေရဖို့ ဝင်ကစားတာပါ။ ကျွန်တော် မန်ယူကို အပျော်ခရီး ထွက်လာတာ မဟုတ်ဘူး။ ဆုဖလားတွေယူဖို့လာတာ။ ကျွန်တော် လုပ်ပြနိုင်တယ်။ လုပ်ပြဖို့လည်း အဆင်သင့်ပါပဲ။ ကျွန်တော် လာမယ့် ၃ နှစ်၊ ၄ နှစ်လောက် အကောင်းဆုံး ကစားပြနိုင်မှာပါ”

ခံစားချက်
“အိုးထရက်ဖို့ကို ပြန်လာရတာက ကောင်းမွန်တဲ့ ခံစားချက်ပါ။ လေဆိပ်မှာကတည်းက ပရိသတ်တွေရဲ့ ခံစားမှုကို သိရပါတယ်။ မန်ယူကစားသမားတစ်ယောက် ဆိုတာထက် အသက် ၁၈ နှစ်အရွယ်ကစလို့ ဒီမှာ ကြီးပြင်းလာတာ ဖြစ်တာကြောင့် ကျွန်တော့်ရဲ့ သဘောထားနဲ့ ခံစားချက်တွေကို နားလည်နေတာပါ”

၁၈ နှစ်အရွယ် ပွဲထွက်ကစားခဲ့ရခြင်းနှင့်ပတ်သက်၍
“ကျွန်တော် အရမ်းစိတ်လှုပ်ရှားခဲ့ပါတယ်။ မန်ယူကို ပထမဆုံး စပြောင်းလာတော့ ပေါ်တူဂီမှာ တစ်နှစ် အငှားနဲ့ပြန်ကစားရမယ် ထင်ခဲ့တာပါ။ ဒါပေမယ့် ဆာအဲလက်စ်က ကျွန်တော့်ကို အသင်းမှာ ထည့်ကစားခဲ့ပါတယ်။ အရမ်းစိတ်လှုပ်ရှားခဲ့ပြီး ပါဝင်ကစားခွင့်ရမယ်လို့တောင် မထင်ခဲ့ဘူး။ သူငယ်ချင်းတွေဆီတောင် ဖုန်းဆက်ခဲ့တယ်။ လာမယ့်စနေနေ့ ဒုတိယတစ်ကြိမ် ပြန်ပွဲထွက်ခွင့်ရရင် စိတ်လှုပ်ရှားမှာ မှန်ပါတယ်။ ဒါပေမယ့် ကျွန်တော်က ပိုရင့်ကျက်ပြီး အတွေ့အကြုံ ရှိနေပါပြီ။ ပွဲထွက်ကစားသမားစာရင်းမှာ ပါဝင်နိုင်ရေး ဆိုးရှားကို ဖိအားပေးသွားပါမယ်”

အသင်းဖော်ဟောင်းတွေနဲ့ မန်ယူမှာ ပြန်ဆုံရခြင်း
“သူတို့ကြောင့် ဆုံးဖြတ်ရတာ ပိုလွယ်သွားတယ်။ ဆိုးရှား၊ ဖလက်ချာ၊ ကားရစ်တို့နဲ့ တွဲကစားဖူးလို့ ကျွန်တော် ဘယ်လိုကစားတတ်တယ်ဆိုတာ သူတို့သိတယ်။ လက်ရှိမန်ယူရဲ့ခေတ်တစ်ခေတ် ကစားသမားသစ်တွေနဲ့ တွဲကစားရတာကို သိပ်ကောင်းတယ်လို့ မြင်ပါတယ်။ ကျွန်တော် မန်ယူမှာရှိစဉ်က တော်မီနေးတစ်ယောက်လောက်ပဲ ရှိဦးမယ်ထင်တယ်။ ကျန်တဲ့လူတွေက လူသစ်တွေပါ။ ဒါပေမယ့် မန်ယူရဲ့ စိတ်ဓာတ်ကတော့ မပြောင်းဘူး။ မန်ယူကို သူတို့နဲ့ထိုက်တန်တဲ့နေရာ ပြန်ရောက်ဖို့ ကျွန်တော် လာခဲ့တာပါ”

အသင်းဖော် ဝက်စ်ဘရောင်းနှင့်‌ တွေ့ဆုံစဉ် ရော်နယ်ဒို ပြောဆိုခဲ့မှုများကို သူ၏အာဘော်အတိုင်း ဘာသာပြန်ထားခြင်း ဖြစ်ပါသည်။