11 Mar 2022

အဘရာမိုဗစ်ချ်ကို ကန့်သတ်ချက်တွေ လုပ်လိုက်ပြီးတဲ့နောက်မှာတော့ ချဲလ်ဆီးအသင်းဟာ ဒုက္ခတော်တော်များသွားပါတယ်၊ ပိုင်ရှင်သူဌေးကို စီးပွားရေးပိတ်ဆို့မှုနဲ့ ခရီးသွားလာခွင့်တွေ ကန့်သတ်လိုက်ပြီးတဲ့ နောက်မှာတော့ ချဲလ်ဆီးအသင်းပါ ကန့်သတ်ခံရမှုတွေ ရှိလာပါတယ်။

လန်ဒန်အနောက်ပိုင်းအခြေစိုက် ချဲလ်ဆီးအသင်းဟာ ကွင်းဝင်လက်မှတ် ရောင်းချခွင့် မရှိတော့သလို အသင်းရဲ့ အရောင်းဆိုင်လည်း ပိတ်ခဲ့ရပါတယ်။ ရှိရင်းစွဲ ကစားသမားနဲ့ ဝန်ထမ်းတွေကို လစာဆက်ပေးရမှာ ဖြစ်ပေမယ့် ကစားသမားသစ်ခေါ်ယူခွင့်နဲ့ ကစားသမား ရောင်းချခွင့်ကိုတော့ ပိတ်ပင်လိုက်ပါတယ်။ ချဲလ်ဆီးဟာ ယဉ်ကျေးမှုနဲ့ သမိုင်းကြောင်းဆိုင်ရာ တန်ဖိုးမြင့်မားတဲ့အတွက် အသင်းကို လက်ကျန်ပွဲတွေ ဆက်ကစားခွင့် အထူးလိုင်စင်တော့ အစိုးရက ချထားပေးခဲ့ပါတယ်။ မနေ့ညကတောင် နောရစ်ချ်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကစားပြီး ၃-၁ နဲ့ အနိုင်ရခဲ့ပါတယ်။

ချဲလ်ဆီးအသင်း ရှေ့လျှောက် ဘာဆက်ဖြစ်လာမလဲ ဆိုတဲ့မေးခွန်းတွေလည်း ပေါ်ထွက်လာပါတယ်။ ဗြိတိန်သတင်းစာတစ်စောင်က ဒီမေးခွန်းတွေကို ဖြေဆိုပြထားပါတယ်။

ချဲလ်ဆီးအသင်း ဘောလုံးရာသီကုန်တဲ့အထိ ပြိုင်ပွဲဝင်နိုင်မှာလား။
လက်ရှိကန့်သတ်ချက်တွေအရ ဒီအချက်က မေးခွန်းထုတ်စရာဖြစ်ပါတယ်။ အစိုးရရဲ့ လက်ရှိချပေးထားတဲ့ လိုင်စင်ပါ ကန့်သတ်ချက်တွေကြောင့် ချဲလ်ဆီးဟာ ရာသီကုန်သည်အထိ ပြိုင်ပွဲမဝင်နိုင်ဘူး ဆိုတာလည်း ဖြစ်သွားနိုင်ပါတယ်။ ချဲလ်ဆီးအုပ်ချုပ်ရေးအဖွဲ့က ကန့်သတ်ထားတာကို ဖြေလျှော့ပေးဖို့ တောင်းဆိုဆွေးနွေးမှုတွေကို မနေ့ညကတည်းက စတင်ပြုလုပ်နေပါတယ်။ ချဲလ်ဆီး ရာသီကုန်သည်အထိ ဘောလုံးပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်နိုင်ခြင်း မရှိတာဟာ ဘယ်သူ့အတွက်မှ အကျိုးမရှိပါဘူး။

အဘရာမိုဗစ်ချ်က ချဲလ်ဆီးအသင်းကို ပိုင်ဆိုင်ဆဲလား။
စီးပွားရေးပိတ်ဆို့ထားပေမယ့် အဘရာမိုဗစ်ချ်က အသင်းရဲ့ တရားဝင် ပိုင်ဆိုင်သူအဖြစ် ရပ်တည်နေဆဲ ဖြစ်ပါတယ်။ အသင်းရဲ့နေ့စဉ်လည်ပတ်မှုကို ဘုတ်အဖွဲ့က ကိုင်တွယ်သွားမှာဖြစ်ပြီး အဘရာမိုဗစ်ချ်က အသင်းကနေ လုံးဝအကျိုးအမြတ် မရနိုင်တော့ပါဘူး။

ကစားသမားတွေ အများကြီးရောင်းထုတ်လိုက်ရနိုင်မလား။
မဖြစ်နိင်ပါဘူး။ ချဲလ်ဆီးဟာ ကစားသမား အပြောင်းအရွှေ့လုပ်ခွင့် ပိတ်ပင်ခံထားရပါတယ်။ စီးပွားရေးပိတ်ဆို့ခံရခြင်းရဲ့ ရည်ရွယ်ချက်က အဘရာမိုဗစ်ချ်အနေနဲ့ သူ့ရဲ့ပိုင်ဆိုင်မှုတွေကနေ အကျိုးအမြတ်ယူလို့ မရအောင် လုပ်ဖို့ပဲဖြစ်ပါတယ်။ ကစားသမားတွေအများကြီး ရောင်းထုတ်လာစရာ အကြောင်းမရှိပါဘူး။

ပရိသတ်တွေကို ဘယ်လိုထိခိုက်လာနိုင်မလဲ။
ချဲလ်ဆီးမှာ ရာသီလက်မှတ်ကိုင်ထားတဲ့ ပရိသတ် ၂၈၀၀၀ လောက် ရှိပါတယ်။ ဒီပရိသတ်တွေနဲ့ လက်မှတ်ဝယ်ထားပြီးသား ပရိသတ်တွေကတော့ အသင်းရဲ့ပွဲတွေကို ဝယ်ထားပြီးသား လက်မှတ်တွေအတိုင်း လာကြည့်ခွင့်ရမှာပါ။ အသင်းက လာမယ့်ပွဲတွေအတွက် လက်မှတ် ထပ်မံရောင်းချခွင့်ပြန်ရရေး ညှိနှိုင်းနေပါတယ်။

ရာသီလက်မှတ် ရောင်းထားခြင်းမရှိတဲ့ ဖလားပြိုင်ပွဲ ပွဲစဉ်တွေကို ဘယ်လိုလုပ်မလဲ။
လက်ရှိအခြေအနေအရတော့ ချဲလ်ဆီးက ဖလားပွဲတွေအတွက် လက်မှတ်ရောင်းချခွင့် မရှိပါဘူး။ ပရိသတ်ကို ပွဲကြည့်ခွင့် မပိတ်သင့်ဘူးဆိုတဲ့ ရှုဒေါင့်ကနေ လက်မှတ်ပြန်ရောင်းခွင့်ရအောင် အသင်းအနေနဲ့ ကြိုးစားနေပြီး ယူအီးအက်ဖ်အေနဲ့ အင်္ဂလန်အက်ဖ်အေက အကူအညီရရှိရေးကိုလည်း ချဲလ်ဆီးက မျှော်လင့်နေပါတယ်။

ပွဲကစားမယ့်နေ့တွေမှာ ပုံမှန်အတိုင်း အစားအသောက် ရောင်းချခွင့်ရမှာလား။
စတန်းဖို့ဘရစ်ချ်မှာကစားတဲ့ ပွဲတွေမှာ ပရိသတ်တွေအနေနဲ့ ပုံမှန်အတိုင်း အစားအသောက် ဝယ်ယူလို့ရမှာ ဖြစ်ပါတယ်။