2 Dec 2022

ဂျာမနီအသင်းတိုက်စစ်ကစားသမားဟောင်း လက်ရှိလက်ရွေးစင်အသင်း၏ မန်းနေဂျင်းဒါရိုက်တာ ဘီယာဟော့ဖ်က ကမ္ဘာ့ဖလားတွင် အုပ်စုမှ ထွက်ရခြင်းအတွက် ဂျာမနီအသင်းသည် ကိုယ့်ကိုယ်ကိုသာ အပြစ်တင်ရမည်ဟု ပြောဆိုလိုက်သည်။ ဂျာမနီသည် မနေ့ညက ပွဲတွင် ကော်စတာရီကာကို ၄-၂ ဖြင့်အနိုင်ရရှိခဲ့သော်လည်း နှစ်ပွဲနိုင်လေးမှတ်ဖြင့် ဂိုးကွာခြားချက်ကြောင့် အုပ်စုတတိယနေရာတွင်သာ ရပ်တည်နိုင်ပြီး ကာတာကမ္ဘာ့ဖလားတွင် အုပ်စုမှ ထွက်ခဲ့ရသည်။ ဂျာမနီသည် အုပ်စုအဖွင့် ပွဲစဉ်တွင် ဂျပန်ကိုလည်း မမျှော်လင့်ပဲ ရှုံးနိမ့်ခဲ့ပြီး ကမ္ဘာ့ဖလားနှစ်ကြိမ်ဆက်တိုက် အုပ်စုမှ ထွက်ခဲ့ရခြင်း အဖြစ်မှတ်တမ်းဝင်သွားပြီဖြစ်သည်။ နည်းပြချုပ်ဖလစ်က ဂျာမနီဘောလုံးလောကတွင် လေ့ကျင့်ရေးပုံစံများပြောင်းလဲရန် လိုအပ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

ဂျာမနီလက်ရွေးစင်အသင်း၏ မန်းနေးဂျင်းဒါရိုက်တာဖြစ်သူ ဘီယာဟော့ဖ်က “ဘောလုံးကစားနည်းက ရိုးရှင်းပါတယ်။ ဂိုးတွေအများကြီးသွင်းပြီး ပေးဂိုးနည်းနိုင်သမျှနည်းအောင်လုပ်ကြဖို့ပဲ ဖြစ်ပါတယ်။ လက်ရှိ ဂျာမနီအသင်းက ဒါတွေကို မလုပ်နိုင်ဘူးဖြစ်နေတယ်။ ကျွန်တော်တို့အနေနဲ့ သွင်းဂိုးအရေအတွက် အခုထက်ပိုများရင် စပိန်အသင်းကို ပိုပြီးဖိအားပေးနိုင်ခဲ့မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်အနည်းငယ်မှာ ဂျာမနီလက်ရွေးစင်အသင်းက ပွဲကိုထိန်းချုပ်ထားနိုင်ပြီးမှ အရှုံးရလဒ်ထွက်လာတဲ့ ပွဲတွေဖြစ်ပေါ်နေပါတယ်”ဟု ပြောဆိုလိုက်သည်။

ဂျာမနီသည် ၂၀၁၈ နှင့် ၂၀၂၂ ကမ္ဘာ့ဖလားတွင် အုပ်စုအဆင့်မှ ထွက်ခဲ့ရသလို ယူရို ၂၀၂၀ တွင်လည်း ၁၆ သင်းအဆင့်မှ ထွက်ခဲ့ရသည်။ ဂျာမနီအသင်း၏ ယခုကမ္ဘာ့ဖလားပြိုင်ပွဲသည် သရဲကားကြည့်နေရသကဲ့သို့ ဖြစ်နေကြောင်း တိုက်စစ်ကစားသမား ဟာဗက်ဇ်က ပြောဆိုလိုက်သည်။ “ခါးသီးပါတယ်။ ပထမပိုင်းအပြီးမှာ ကတည်းက ဘာမဆိုဖြစ်လာနိုင်တယ်ဆိုတာသိပါတယ်။ လွယ်လွယ်နဲ့ နောက်တစ်ဆင့်မတက်နိုင်ဘူး ဆိုတာ သိပြီးသားပါ။ ကွင်းဘေးအရန်ခုန်ကအခြေအနေ ပရိသတ်တွေရဲ့ပုံစံကို ကြည့်ပြီး ဘာတွေဖြစ်နေပြီလည်း ဆိုတာ ခန့်မှန်းမိပါတယ်။ စပိန်ကများချေပဂိုးသွင်းမလားဆိုတဲ့ မျှော်လင့်ချက်အနည်းငယ်တော့ ရှိတာပေါ့။ မကြာမီမှာပဲ စပိန်ကအရှုံးနဲ့ပွဲပြီးသွားပြီဆိုတာသိလိုက်ရတယ်။ ဒါပဲလေ”ဟု ပြောဆိုသည်။

“ဂျာမနီက အဓိကနိုင်ငံတကာပြိုင်ပွဲကြီး သုံးပွဲဆက်တိုက် အခြေအနေမကောင်းတော့ ဘာမှားနေလဲ ဆိုတာကို ဆန်းစစ်ရမယ့် အခြေအနေဖြစ်ပါတယ်။ အပြောင်းအလဲတစ်ခုလုပ်ရမယ် ဆိုတာကိုလည်းမြင်ပါတယ်။ ရိုးသားစွာ ပြောရရင် အရေးပါတဲ့ပွဲတွေမှာ ကျွန်တော်တို့ ဘာမှ လုပ်မပြနိုင်ဘူး။ ဒါက ကျွန်တော်တို့အမှားဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်ရမယ်”ဟု ဟာဗက်ဇ်က ဆက်လက်ပြောဆိုသည်။

၁၆ သင်းအဆင့်တွင်လာမည့်တနင်္လာနေ့တွင် ဂျပန်သည် ခရိုအေးရှားအသင်းနှင့်ကစားရမည်ဖြစ်ပြီး စပိန်သည် မော်ရိုကိုနှင့် အင်္ဂါနေ့တွင်ကစားရမည်ဖြစ်သည်။