20 Mar 2021

လက်ရှိဘောလုံးလောကရဲ့ ဂိုးသွင်းအကောင်းဆုံးတိုက်စစ်မှူးကိုပြပါဆိုရင်တော့ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးကို ပြရမှာဖြစ်ပါတယ်။ လီဝန်ဒေါစကီးဟာ ဒီနှစ် ရာသီမှာဆိုရင်လည်း ဘွန်ဒက်လီဂါမှာ ၃၁ ဂိုးအထိသွင်းယူပေးထားသူဖြစ်ပြီး ဥရောပထိပ်တန်းလိဂ် ၅ ခုမှာ ဂိုးသွင်းအများဆုံးတိုက်စစ်မှူးအဖြစ် ရပ်တည်နေသူလည်း ဖြစ်ပါတယ်။ ဒါကြောင့် သူ့ရဲ့စွမ်းဆောင်မှုတွေနဲ့ပတ်သက်ပြီး သူ့ရဲ့ထုတ်ဖော်ပြောဆိုမှုတွေကို ပရိသတ်တွေသိရှိစေဖို့အတွက် တင်ပြလိုက်ပါတယ်။

ဖေဖော်ဝါရီလအတွက် ဘိုင်ယန်မြူးနစ်အသင်းရဲ့ တစ်လတာအကောင်းဆုံးကစားသမားဆုရရှိခဲ့တာနဲ့ပတ်သက်ပြီး ဘယ်လိုခံစားရလဲ။
ပရိသတ်တွေက အခုလို ယုံကြည်စွာနဲ့ရွေးချယ်ပေးခဲ့ကြတဲ့အတွက် ကျေးဇူးတင်ရပါတယ်။ ကျွန်တော်ဟာ အသင်းအတွက် အကောင်းဆုံးကြိုးစားသွားဦးမှာပါ။


အခုဆိုရင် ခင်ဗျားရဲ့ ဘွန်ဒက်လီဂါသွင်းဂိုး စုစုပေါင်းက ၂၆၈ ဂိုးရှိသွားခဲ့ပြီဖြစ်ပြီး ဘွန်ဒက်လီဂါသမိုင်းရဲ့ ဒုတိယသွင်းဂိုးအများဆုံးကစား သမား ဖစ်ချာရဲ့ စံချိန်နဲ့ တူညီသွားခဲ့ပြီနော်။ ထိပ်ဆုံးမှာရှိနေတဲ့ ဂတ်မူလာရဲ့ ၃၆၅ ဂိုးစံချိန်ကိုလိုက်မီဖို့ပြင်ဆင်ထားလား။
ကျွန်တော်ဟာ ဘွန်ဒက်လီဂါရဲ့ ဂန္ထဝင်ကစားသမားဖစ်ချာရဲ့ ၂၆၈ ဂိုးစံချိန်ကို လိုက်မီနိုင်တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ရပါတယ်။ ကျွန်တော်ရည်မှန်းထားတာက အသင်းကိုဆုဖလားတွေရရှိဖို့အတွက် ဂိုးတွေသွင်းယူပေးဖို့သာဖြစ်ပါတယ်။

The Best FIFA Football Awards™ - News - Lewandowski: It'll take a while to  absorb this - FIFA.com


တချို့လူတွေက ခင်ဗျားအနေနဲ့ ဘိုင်ယန်မြူးနစ်အသင်းမှာသာဆက်လက်ရှိနေမယ်ဆိုရင် ဖီဖာရဲ့ တစ်နှစ်တာအကောင်းကစားသမားဆုလိုမျိုးဆုကို မရနိုင်ဘူးလို့ ပြောကြတယ်။ ဒါပေမယ့် အဲဒါက မှားသွားခဲ့ပါတယ်။ မနှစ်ကပဲ ခင်ဗျားဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ အဲဒီဆုကို ရယူနိုင်ခဲ့တယ်နော်။ အဲဒါကိုလည်း ပြောပြပါဦး။
လူတော်တော်များများကတော့ ကျွန်တော့်အနေနဲ့ အသင်းမှာသာ ဆက်လက်ရှိနေမယ်ဆိုရင် အဲဒီလိုဆုမျိုးကို မရနိုင်ဘူးလို့ပြောကြတာက မှန်ပါတယ်။ ဒါပေမယ့် ကံကောင်းစွာပဲ ကျွန်တော်က အဲဒီထင်မြင်မှုကို မှားယွင်းတယ်ဆိုတာကို သက်သေပြနိုင်ခဲ့တယ်။ ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ ကျွန်တော်ဟာ ဘယ်ဆုမဆို ရယူနိုင်တယ်ဆိုတာကို ပြနိုင်ခဲ့တယ်။ ဘွန်ဒက်လီဂါဟာ တည်ငြိမ်ပြီး ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ လိဂ်လို့ ပြောရမှာပါ။ ဒါပေမယ့် အောင်မြင်မှုကိုတော့ မြက်ခင်းစိမ်းတွေပေါ်မှာပဲ ကြည့်ရမှာပါ။ ဒီနှစ်ရာသီမှာလည်း ကျွန်တော်တို့အသင်း ဟာ အကောင်းဆုံး အသင်းဖြစ်တယ်ဆိုတာကို သက်သေပြသွားမှာ သေချာပါတယ်။

Bundesliga | Robert Lewandowski: “Bayern Munich have made history”


ပြီးခဲ့တဲ့ရာသီက ရပ်တန့်လို့မရနိုင်အောင် ကောင်းမွန်ခဲ့တဲ့ ခင်ဗျားရဲ့လျှို့ဝှက်ချက်က ဘာဖြစ်မလဲ။
ကျွန်တော်တို့ အောင်မြင်မှုရဲ့ အဓိကအရေးကြီးတဲ့ လျှို့ဝှက်ချက်က အသေးစိတ် အကောင်းဆုံးလုပ်ဆောင်နိုင်လို့ဖြစ်ပါတယ်။ လက်ရှိရလဒ်နဲ့ အောင်မြင်မှုတွေဟာ နှစ်ပေါင်းများစွာကြာအောင်ကြိုးစားခဲ့တဲ့ ကြိုးစားမှုတွေကြောင့်ပါ။ ထိပ်ဆုံးနဲ့ နီးပြီး လွဲခဲ့ရတာတွေကလည်းရှိပါတယ်။ သည်းခံပြီး ပြင်းပြင်းထန်ထန်ကြိုးစားမှုပါ။


နည်းပြ ဖလစ်က အသင်းကို ဘာတွေယူဆောင်လာပေးလဲ။ အကောင်းဆုံးအသင်းတစ်သင်းဖြစ်အောင် ဘာတွေလုပ်လိုက်လဲ။
ဖလစ်ဟာ သူသိတဲ့ဗဟုသုတတွေကို ဝေမျှတဲ့ သူမျိုးပါ။ ဒါ့အပြင် မျှမျှတတ တွေးတတ်တဲ့သူမျိုးပါ။ ကျွန်တော်တို့အနေနဲ့ ဘာလုပ်ရမယ်ဆိုတာကိုလည်း တိုက်ရိုက်ရိုးသားစွာ ပြောတတ်ခဲ့သူပါ။

Robert Lewandowski: Under The Hood of a Goalscoring Machine - Stats Perform


ပြီးခဲ့တဲ့ ၂၀၂၀ အတွင်း ခင်ဗျားဟာ ဂိုးပေါင်း ၄၇ ဂိုးသွင်းယူခဲ့တယ်နော်။ အဲဒီဂိုးတွေထဲက မမေ့နိုင်စရာအကောင်းဆုံးဂိုးက ဘယ်ဂိုးဖြစ်မလဲ။
ပြောဖို့တော့ ခက်ပါတယ်။ မမေ့နိုင်စရာဂိုးတွေကတော့ ချန်ပီယံလိဂ်ကွာတားနဲ့ ဆီမီးမှာ သွင်းယူတဲ့ဂိုးတွေလို့ ပြောရမှာပါ။ ဘွန်ဒက်လီဂါဆု ဖလားရဖို့ သေချာသွားစေခဲ့တဲ့ သွင်းဂိုးကလည်း မမေ့နိုင်စရာသွင်းဂိုးလို့ ပြောနိုင်ပါတယ်။ အနိုင်အရှုံးကိုဆုံးဖြတ်ပေးနိုင်တဲ့ဂိုးတွေကတော့ အရေးပါတယ်လို့ပြောရမှာပါ။ ဒါပေမယ့် တစ်ဂိုးတည်းကို သီးသန့်ပြောဖို့က မလွယ်ပါဘူး။ ဂိုးတိုင်းက နောက်ဆုံး အောင်မြင်မှုဆီကိုရောက်ဖို့အတွက် ကြိုးစားမှုတွေဖြစ်လို့ပါ။


ခင်ဗျားဟာ ၂၀၁၅ ခုနှစ်က ဘိုင်ယန်မြူးနစ်အသင်းအတွက် ဝုဖ်ဘတ်နဲ့ပွဲစဉ်မှာ ၉ မိနစ်ကို ၅ ဂိုးသွင်းယူပေးနိုင်ခဲ့တယ်။ မဖြစ်နိုင်ဘူးလို့တောင် ပြောရမယ်။ ခင်ဗျားအနေနဲ့ အဲဒီစံချိန်ကို ထပ်မံချိုးဖြတ်နိုင်မယ်လို့ထင်လား။

ကျွန်တော်ဟာ အခုလို ၉ မိနစ်အတွင်း ၅ ဂိုး သွင်းယူနိုင်ခဲ့တယ်ဆိုတာကို အချိန်ကြာမြင့်စွာ မယုံကြည်နိုင်လောက်အောင်ဖြစ်နေတယ်လို့ ပြောရမှာပါ။ အဲဒီလိုလုပ်နိုင်လိမ့်မယ်လို့လည်း ဘယ်တုန်းကမှ မထင်ထားခဲ့ပါဘူး။ အဲဒီစံချိန်ဟာ ဘောလုံးလောကမှာလည်း အချိန်ကြာမြင့်စွာရှိနေမယ်လို့လည်းထင်ပါတယ်။ အဲဒါဟာ အတော်ကလေးကို ချိုးဖြတ်ဖို့ခက်ခဲတဲ့ စံချိန်တစ်ခုဖြစ်ပါတယ်။


ကိုရိုနာကပ်ရောဂါဟာ ကမ္ဘာ့ဘောလုံးလောကကို ကြီးမားစွာထိခိုက်ပြောင်းလဲမှုတွေရှိနေခဲ့တယ်နော်။ အကြီးမားဆုံးပြောင်းလဲမှုက ဘာဖြစ်မလဲ။
လော့ဒေါင်းကာလတွေပြီးလို့ ကွင်းထဲကို ပြန်ရောက်ပြီး ကစားရတဲ့အခါ အရင်လိုမဟုတ်ဘဲ ပရိသတ်မရှိဘဲ ကစားခဲ့ရတာဖြစ်ပါတယ်။ ရုတ် တရက်ပြောင်းလဲမှုကြောင့် အခြေအနေသစ်မှာအသားကျဖို့ ကြိုးစားရပါတယ်။ အဲဒီအခြေအနေတွေက ခက်ခဲပေမယ့် ကျွန်တော့်ကို အားပေးတဲ့ ပရိသတ်တွေကတော့ ရှိနေပါသေးတယ်။ ကျွန်တော်တို့ကတော့ ကိုယ်လုပ်ရမယ့်အရာကို အကောင်းဆုံးအာရုံစိုက်ပြီးလုပ်ဖို့ဖြစ်ပါတယ်။ ပရိသတ်တွေ ကွင်းထဲကို မရောက်နိုင်ခြင်းဟာ ကြီးမားတဲ့ပြောင်းလဲမှုဖြစ်ပေမယ့် ကျွန်တော်တို့ကတော့ ပြိုင်ပွဲတွေအပေါ်မှာသာ အဓိကအာရုံစိုက်နေပါတယ်။


အခုဆိုရင် ခင်ဗျားရဲ့ အသက်က ၃၃ နှစ်ရှိပြီဖြစ်တယ်နော်။ ခင်ဗျားအနေနဲ့ ကစားသမားဘဝကနေအနားယူဖို့ စဉ်းစားနေပြီလား။ ဘိုင်ယန်မြူးနစ်အသင်းမှာပဲ ကစားသမားဘဝကို ကုန်ဆုံးဖို့ရှိနေလား။
အခုအချိန်အထိတော့ ကျွန်တော် ကစားသမားဘဝအဆုံးသတ်ဖို့မစဉ်းစားထားပါဘူး။ တတ်နိုင်သလောက် ကြာကြာကစားဖို့တော့ စဉ်းစားနေပါတယ်။ ကျွန်တော်ဟာ အသင်းနဲ့လည်း ၂ နှစ်ခွဲ စာချုပ်ကျန်ပါသေးတယ်။ ကျွန်တော့်မှာ အချိန်တွေအများကြီး ရှိနေသေးတယ်လို့လည်း ထင်ပါတယ်။ ကျွန်တော်ဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ ကစားရတာကိုလည်း ပျော်ရွှင်ပါတယ်။ အသင်းရဲ့လူငယ်ကစားသမားတွေကိုလည်း ကြည့်ရှုကူညီသွားမှာပါ။ လာမယ့် ၂ နှစ်အတွင်းမှာတော့ ကျွန်တော့်ရဲ့ အနာဂတ်နဲ့ပတ်သက်တဲ့ မေးခွန်းကိုဖြေပေးနိုင်လိမ့်မယ်လို့ ထင်ပါတယ်။

Bayern Munich′s Robert Lewandowski named Europe′s player of the year by  UEFA | News | DW | 01.10.2020


ခင်ဗျားရဲ့ နောက်ထပ် ဘောလုံးလောကရဲ့ အောင်မြင်မှု၊ ဆုတံဆိပ်က ဘာဖြစ်မလဲ။
အရိုးသားဆုံးပြောရမယ်ဆိုရင် အဲဒါကပြောဖို့ခက်ခဲပါတယ်။ ကျွန်တော်ကတော့ အနိုင်ပွဲတွေရယူမယ်။ ဂိုးတွေသွင်းမယ်။ ဘွန်ဒက်လီဂါနဲ့ ချန်ပီယံလိဂ်ဆုဖလားတွေကို ထပ်မံရယူသွားဖို့ပြင်ထားပါတယ်။ ပြီးခဲ့တဲ့ရာသီက အတွေ့အကြုံဟာ ဒီနှစ်ရာသီမှာ အောင်မြင်မှုတွေထပ်ရဖို့ မျှော်လင့်ပါတယ်။


ယူရို ၂၀၂၁ ကလည်း လာတော့မှာဆိုတော့ ပိုလန်အသင်းရဲ့ ကပ္ပတိန်တစ်ဦးအနေနဲ့ ဘာတွေလုပ်ဖို့ ပြင်ဆင်ထားလဲ။
အဲဒါဟာ ပိုလန်အသင်းအတွက်တော့ ကြီးမားတဲ့စိန်ခေါ်မှုပါ။ ယူရိုပြိုင်ပွဲဟာ အမြဲတမ်းလည်း ကြီးမားတဲ့စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ပွဲဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ နည်းပြသစ်လည်း ရရှိထားတာကြောင့် အကောင်းဆုံးပြင်ဆင်မှုတွေပြုလုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ပရိသတ်တွေဂုဏ်ယူရအောင် လုပ်ဆောင်ပေးချင်ပါတယ်။

ကြယ်ခသူ