17 Dec 2020

မြန်မာ့လက်ရွေးစင်အမျိုးသား ဘောလုံးအသင်း၏ နည်းပြအန်တွမ်နီဟေးလ် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာမှသာ လက်ရွေးစင်အသင်း၏လေ့ကျင့်မှုအစီအစဉ်များကို ဆုံးဖြတ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မီဒီယာဌာနမှတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
နည်းပြ အန်တွမ်နီဟေးလ်သည် ပြီးခဲ့သည့် အောက်တိုဘာလကတည်းက ဂျာမနီနိုင်ငံသို့ ပြန်သွားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် မြန်မာနိုင်ငံသို့ ပြန်လာရန်စီစဉ်နေပြီး ဇန်နဝါရီ ပထမအပတ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာဖွယ်ရှိပြီး ၎င်းရောက်ရှိမှသာ လက်ရွေးစင်အသင်း၏ လေ့ကျင့်မှုအစီအစဉ်များနှင့်အခြားကိစ္စရပ်များကို ဆုံးဖြတ်မည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် လာမည့် ၂၀၂၁ တွင် ကမ္ဘာ့ဖလားအာရှဇုန်ဒုတိယအဆင့် ခြေစစ်ပွဲအုပ်စုပွဲ စဉ်များနှင့် အာရှဖလားခြေစစ်ပွဲများ ကို ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲချုပ်မီဒီယာဌာနမှ တာဝန်ရှိသူတစ်ဦးက ”လက်ရွေးစင်အသင်းက လေ့ကျင့်မှုတွေ ပြန်လည်ပြုလုပ်ဖို့ စီစဉ်နေပါတယ်။ နည်းပြအန်တွမ်နီဟေးလ်က ဇန်နဝါရီလထဲမှာ မြန်မာနိုင်ငံကို ပြန်ရောက်လာဖို့ရှိပါတယ်။ နည်းပြရောက်လာပြီဆိုတာနဲ့ တာဝန်ရှိသူတွေအစည်းအဝေးပြုလုပ်ပြီးလေ့ကျင့်မယ့်ရက် တွေကို ဆုံးဖြတ်သွားမှာပါ။ အန်တွမ်နီဟေးလ်ပြန်ရောက်လာတာနဲ့ လေ့ကျင့်မှုတွေကို ချက်ခြင်းပြုလုပ်မှာ မဟုတ်ဘဲ နည်းပြနဲ့ ကစားသမားတွေကို ကိုရိုနာဗိုင်းရပ်စ်ပိုးစစ်ဆေးပြီးမှသာ လေ့ကျင့်မှုအစီအစဉ်တွေကို လုပ်ဖို့ရှိပါတယ်” ဟု ပြောဆိုခဲ့သည်။