13 Jan 2021
	စပိန်ကစားသမား ရိုဒရီဂိုဟာ ပြီးခဲ့တဲ့နွေရာသီဈေးကွက်က ဗလန်စီယာအသင်းကနေ လိဒ်စ်အသင်းကို ပေါင် ၂၇ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး နည်းပြ ဘီယဲဆာရဲ့ လက်အောက်မှာ ပုံမှန်ကစားခွင့်ရရှိနေတာကြောင့် ကျေနပ်ပျော်ရွှင်မှုရရှိနေတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ လိဒ်စ်အသင်းနည်းပြ ဘီယဲဆာဟာ ကမ္ဘာကျော်နည်းပြတစ်ဦးဖြစ်ပြီး လက်ရှိအချိန်မှာတော့ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးနည်းပြတစ်ဦးလည်း ဖြစ်ပါတယ်။ ရိုဒရီဂိုကတော့ ဘီယဲဆာဟာ နည်းစနစ်ပိုင်းနဲ့ပတ်သက်ပြီး အံ့အားသင့်ဖွယ်ကောင်းတဲ့အကြောင်းကို သူ့ရဲ့ အင်တာဗျူးမှာ ဖွင့်ဟလိုက်ပါတယ်။ ဒါကြောင့် ရိုဒရီဂိုရဲ့အင်တာဗျူးကို ပရိသတ်တွေသိရှိစေဖို့အတွက် တင်ပြလိုက်ပါတယ်။
  • ခင်ဗျားဟာ အခုဆိုရင် ပရီးမီးယားလိဂ် ၁၅ ပွဲမှာ ၃ ဂိုးအထိ သွင်းယူထားနိုင်တော့ ပျော်ရွှင်နေလား။
    – ကျွန်တော့်အနေနဲ့ အကောင်းဆုံးကစားထားနိုင်တယ်လို့ ထင်ပေမယ့် ဒီထက်ပိုပြီး ကောင်း အောင်ကစားဖို့ ဆန္ဒရှိနေပါတယ်။ လိဒ်စ်အသင်းမှာတော့ ကျွန်တော်ဟာ ယခင်နဲ့မတူညီတဲ့နေရာမျိုးမှာ ကစားရတာဖြစ်ပါတယ်။ ကိုဗစ်ကြောင့် ကျွန်တော်ဟာ ပွဲအနည်းငယ်နဲ့ လွဲချော်မှုတွေရှိနေခဲ့ပေမယ့် လိဒ်စ်မှာနေရတာကို နှစ်သက်ပါတယ်။ ဒီမှာလုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်တွေကလည်း အသင်းကြီးရဲ့ အကောင်းဆုံးအစိတ်အပိုင်းတစ်ခုအဖြစ် ရှိနေတယ်လို့ ခံစားမိပါတယ်။
  • ဘီယဲဆာဟာ ဘယ်လောက် ထူးခြားမှုရှိတဲ့သူလဲ။
    – သူဟာ အရာအားလုံးကို အသေးစိတ်လေ့လာတဲ့သူပါ။ ပြိုင်ပွဲနဲ့ပတ်သက်တဲ့ ဖြစ်နိုင်တဲ့ အကြောင်းအရာအားလုံးကို ကြိုတင်ပြင်ဆင်ပြီး အသေးစိတ်အချက်ကလေးတွေကအစ မလွဲအောင် လုပ်ဆောင်တဲ့သူဖြစ်ပါတယ်။ သူဟာ အမြဲတမ်း အလုပ်ကြိုးစားတာကိုသာ လိုအပ်တဲ့သူဖြစ်ပြီး အမြဲတမ်းလည်း တောင်းဆိုနေတဲ့သူဖြစ်ပါတယ်။
  • ခင်ဗျားရဲ့ လိဒ်စ်အသင်းနဲ့ ပထမဦးဆုံးနေ့ရက်တွေက မလွယ်ကူဘူးလို့ ပြောရမယ်။ လီဗာပူး အသင်းနဲ့ပွဲစဉ်မှာ ပင်နယ်တီကြောင့် ရှုံးခဲ့ရပြီး အဲဒီပွဲမှာ ခင်ဗျားဟာ လူစားလဲ ပါဝင်ကစားခွင့် ရခဲ့တယ်နော်။ အဲဒီပွဲအကြောင်းကို ပြောပါဦး။
    – ဘီယဲဆာဟာ ပွဲရဲ့မတူညီတဲ့အခြေအနေတွေ အားလုံးကို နားလည်နိုင်စွမ်းရှိပါတယ်။ သူ့အတွက်တော့ ကစားသမားတစ်ယောက်ကို ပထမပိုင်းအချိန်မှာ ထုတ်ပယ်တာတို့၊ ၂၅ မိနစ်လောက်နဲ့ ထုတ်ပယ်တာတို့က ပုံမှန်လုပ်နေကြလို့ ပြောရမှာပါ။ တစ်ခါတစ်ရံ ၁၀ မိနစ်လောက် ကစားပြီးရင်တောင် ထုတ်ဖို့ရှိပါတယ်။ သူ့ရဲ့လက်အောက်မှာဆိုရင် မြင်နေကျမဟုတ်တာတွေကိုတောင် တွေ့ မြင်ရနိုင်ပါတယ်။ သူဟာ လူတွေကို စိတ်ပျက်အောင်လုပ်တာမဟုတ်ပါဘူး။ အသင်းအတွက် အကျိုးရှိအောင် လုပ်ဆောင်တာပါ။
Leeds' record signing Rodrigo gets first goal as Marcelo Bielsa's side earn  draw in frantic clash with Pep Guardiola's Man City
  • ဘီယဲဆာရဲ့အတွေးအခေါ်ဟာ စိတ်ကူးယဉ်မှုအပေါ် အခြေခံတာလား။ တကယ့်ဖြစ်နိုင်မှုကို အခြေခံတာလား။
    – သူ့ရဲ့ စိတ်ကူးယဉ်မှုဟာ တကယ်ဖြစ်နိုင်မှုအပေါ် အခြေခံထားတယ်လို့ ပြောရမှာပါ။ သူ ဟာ ထူးခြားတဲ့ နည်းစနစ်တွေနဲ့ လုပ်ကိုင်နေခဲ့သူဖြစ်ပြီး ထူးကဲတဲ့နည်းစနစ်တွေရှိသူဖြစ်ပါတယ်။ သူကတော့ သူ့ရဲ့နည်းစနစ်ပိုင်းကို အကောင်းဆုံး ယုံကြည်ပြီး အသင်းကိုလည်း အဲဒီပုံစံအတိုင်း ကစားစေတာဖြစ်ပါတယ်။
  • ခင်ဗျားနဲ့ပတ်သက်ပြီး ဘာတွေပြောသေးလဲ။
    – သူဟာ မနက်အစောကြီးတွေမှာ ဘယ်တုန်းကမှ ဖုန်းဆက်လေ့မရှိပါဘူး။ အဲဒီလိုအပြုအမှုတွေနဲ့ပတ်သက်ပြီးလည်း ဘယ်တုန်းကမှမလုပ်ဘူး။ သူဟာ ကစားသမားတွေနဲ့ ဆက်ဆံရေးကလည်း အရမ်းကို ပရော်ဖက်ရှင်နယ်ဆန်ပါတယ်။ ကစားသမားတစ်ဦးတစ်ယောက်ရဲ့ ပုဂ္ဂိုလ်ရေးနဲ့ပတ်သက်ပြီးလည်း ပါဝင်တာတွေမရှိပါဘူး။ သူဟာ လူတိုင်းကို လေးစားသမှုနဲ့ တိုက်ရိုက်ဆက်ဆံတဲ့သူ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ပြောရမယ်ဆိုရင် ကျွန်တော့်ကို လိဒ်စ်အသင်းကို ပြောင်းရွှေ့ကစားဖို့အတွက် အသင်းဒါရိုက်တာ ဗစ်တာအော်ရာရဲ့ လုပ်ဆောင်မှုမှာ သူ့အနေနဲ့ ပါဝင်ပတ်သက်မှုရှိတယ်ဆိုတာကို ကျွန်တော်သိပေမယ့် ကျွန်တော့်ဆီကိုတော့ ဖုန်းလုံးဝမဆက်ပါဘူး။ သူဟာ ကစားသမားနဲ့ပတ်သက်ပြီး အရမ်းကို ပါဝင်ပတ်သက်မှု လုပ်ဆောင်တဲ့သူမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အသင်းကိုရောက်ရှိခဲ့ပြီးတဲ့ နောက်မှာတော့ အသင်းမှာကစားတဲ့ ကစားသမားတိုင်းကို အကောင်းဆုံးကစားဖို့ တောင်းဆိုမှုတွေ လုပ်လွန်းတဲ့သူဖြစ်ပါတယ်။
Leeds United news: Brown urges Casilla to fight for his spot
  • ဘီယဲဆာအနေနဲ့ ရယ်တာပြုံးတာတွေရှိရဲ့လား။
    – နေ့တိုင်းတော့ ရယ်တာပြုံးတာ သိပ်မရှိပါဘူး။ ဒါပေမယ့် ပေါ့ပေါ့ပါးပါးရှိတဲ့ အခိုက်အတန့်တွေမှာတော့ ရယ်တာပြုံးတာတွေကို တွေ့ရပါတယ်။ နေ့တိုင်းလည်း ပြင်းပြင်းထန်ထန်လုပ်ဆောင်ခိုင်းနေတာတော့ မဟုတ်ပါဘူး။
  • ခင်ဗျားအနေနဲ့ ဘီယဲဆာရဲ့လက်အောက်မှာ ဘယ်လောက်အထိ တိုးတက်မှုတွေရရှိခဲ့လဲ။
    – ဘီယဲဆာကတော့ သူ့ရဲ့ လက်အောက်မှာ ကစားသူတိုင်းကို တစ်ကိုယ်ရေ ခြေစွမ်းပိုင်းတွေ တိုးတက်ပြီး အမြဲတမ်းယှဉ်ပြိုင်နေဖို့ ဆန္ဒရှိပါတယ်။ အချိန်တိုအတွင်းမှာလည်း ကဏ္ဍတော်တော်များများမှာ ကျွန်တော်ဟာ တိုးတက်မှုရှိနေခဲ့ပါတယ်။
  • ဒီနှစ် ပရီးမီးယားလိဂ်ကို ဘယ်အသင်းက ရရှိလိမ့်မယ်လို့ထင်လဲ။
    – ကွင်းထဲမှာ ပရိသတ်တွေမရှိမှုက ကြီးမားတဲ့ထိခိုက်မှုတွေ ရှိနေတယ်လို့ ပြောရမှာပါ။ လက်ရှိ အချိန်မှာတော့ ဘယ်လိုမှ ခန့်မှန်းလို့မရနိုင်သေးပါဘူး။ ပရီးမီးယားလိဂ်ကလည်း အတော်ကလေးကို တိုးတက်မှုရှိနေပါတယ်။ အကောင်းဆုံးကစားသမားတွေနဲ့ အကောင်းဆုံးနည်းပြတွေကြောင့်လည်း လိဂ်က ပြိုင်ဆိုင်မှုပြင်းထန်နေတာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ရေပန်းအစားဆုံးက လက်ရှိချန်ပီယံ လီဗာပူးလို့ ပြောရမှာပါ။ မန်ယူအသင်းရဲ့တိုးတက်မှုကလည်း တော်တော်လေးကို ကောင်းပါတယ်။ ဒါပေမယ့် သူတို့ဟာ ဆက်တိုက်တိုးတက်မှုတွေရရှိဖို့တော့ လိုပါတယ်။ ပြီးခဲ့တဲ့ နွေရာသီမှာ ငွေကြေးအလွန်အမင်းအသုံးပြုထားတဲ့ ချဲလ်ဆီးအသင်းကလည်း ဆုဖလားကို စိန်ခေါ်နိုင်ဖို့ ရှိနိုင်ပါတယ်။
  • ရာသီကုန်မှာ လိဒ်စ်အသင်းအနေနဲ့ အဆင့်ဘယ်လောက်မှာ ရပ်တည်နိုင်မယ်ဆိုရင် ခင်ဗျား အနေနဲ့ ပျော်ရွှင်မှာလဲ။
    – ကျွန်တော်ကတော့ အသင်းအနေနဲ့ အမှတ်ပေးဇယားထက်၀က်ကျော်မှာ ရပ်တည်နိုင်ဖို့ ဆန္ဒရှိပါတယ်။ အခုဆိုရင် ကျွန်တော်တို့ အသင်းဟာ အမှတ်ပေးဇယားရဲ့ အဆင့် ၁၂ နေရာမှာရပ်တည်နေတာဖြစ်ပြီး အဲဒီထက်အပေါ်မှာ ရပ်တည်နိုင်မယ်ဆိုရင်တော့ အောင်မြင်တဲ့နှစ်လို့ ပြောရမှာပါ။

ကြယ်ခသူ