15 Dec 2022

ကမ္ဘာ့ဖလားဖလားကို ဆက်လက်ထိန်းသိမ်းထားနိုင်ရေးအတွက် ပြင်သစ်အသင်းက အထူးသတိထား ကစားသွားပါတယ်။ နည်းပြချုပ် ဒေရှောင့်အနေနဲ့ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်အထိ တက်လာတဲ့ မော်ရိုကိုအသင်းကို အထူးသတိထားကစားခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

ပြင်သစ်အသင်းက ပထမပိုင်း ၄ မိနစ်မှာပဲ အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ ဂရိဇ်မန်းက ဘောလုံးရလာပြီး ပြိုင်ဘက်ဂိုးဧရိယာထဲမှာ နေရာယူထားတဲ့ ဘာပေဆီကို ဘောလုံးထိုးပေးလိုက်ပါတယ်။ ဒါပေမယ့် ဘာပေကို အနီရောင်ဝတ်ထားတဲ့ ပြိုင်ဘက်တွေက ဝိုင်းအုံနေပြီး ဘာပေ ကန်းလို့မရအောင် ပိတ်ဆို့ထားပါတယ်။ ဘာပေရဲ့ကန်ချက်က လူထိပြီးထွက်လာတော့ ဘေးမှာ ရှိနေတဲ့ သီယိုဟာနန်ဒက်စ်ဆီကို ဘောလုံးရောက်သွား ပါတယ်။ ဟာနန်ဒက်စ်က မော်ရိုကို ဂိုးသမားနဲ့ ရင်ဆိုင်အတွေ့မှာ ဘောလုံးကို ခုန်ကန်ပြီး ပြင်သစ်တို့ အဖွင့်ဂိုးကို စောစောစီးစီးရသွားပါတယ်။

မော်ရိုကို အသင်းကလည်း ဂိုးပေးလိုက်ရပြီးနောက်ပြန်လည်ထိုးဖောက်လာပါတယ်။ ပွဲချိန် ၁၇ မိနစ်မှာ ဂျရူးက တစ်လုံးကန်သွင်းခဲ့ပေမယ့် တိုင်ထိထွက်သွားလို့ ပြင်သစ်တို့ တစ်ဂိုးနစ်နာခဲ့ပါတယ်။ ပွဲချိန် ၂၁ မိနစ်မှာ မော်ရိုကို ရဲ့အားကိုးရတဲ့ခံစစ်မှူး အသင်းခေါင်းဆောင်ဆက်စ်ဒဏ်ရာကြောင့် ဆက်မကစားနိုင်လို့ အာမာလာနဲ့ လူစားလဲခဲ့ရပါတယ်။

ပထမပိုင်းပြီးကာနီး ၄၅ မိနစ်မှာ မော်ရိုကိုအသင်းက ဂိုးရဖို့အနီးစပ်ဆုံးဖြစ်ရပ်တစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။ မော်ရိုကို ခံစစ်မှူး ယာမစ်က ပြိုင်ဘက်ဂိုးရှေ့မှာ နောက်ပြန်မြေမကျဘောကန်သွင်းလိုက်တာမှာ တိုင်ထိထွက်သွားလို့သာ ပြင်သစ်တို့ ချေပဂိုးမပေးခဲ့ရတာပဲဖြစ်ပါတယ်။

ဒုတိယပိုင်းပြန်စတော့လည်းပြင်သစ်က နောက်တစ်ဂိုးသွင်းနိုင်အောင် ကြိုးစားသလို မော်ရိုကိုကလည်း ချေပဂိုးရအောင်ကြိုးစားရင်း ပွဲကအကြိတ်အနယ်ရှိနေပါတယ်။ ဒုတိယပိုင်း ၇၆ မိနစ်မှာ ဘာပေက မော်ရိုကို နောက်ခံလူတွေအကြားက ဖြတ်ပြိး ဂိုးရှေ့ကို အနေတော်ပေးပို့လိုက်တဲ့ ဘောလုံးကို ဒမ်ဘီလီအစားလူစားလဲဝင်ရောက်လာတဲ့ မူအာနီက ပိတ်သွင်းပြီးပြင်သစ်တို့ ဒုတိယဂိုးရရှိသွားပါတယ်။

ဘာပေဟာ ဒီပွဲမှာ သွင်းဂိုးမရပေမယ့် ပြင်သစ်အသင်းအတွက် အရေးပါတဲ့ ဂိုးဖန်တီးမှုနှစ်ကြိမ်ပြုလုပ်ပြီး ပြင်သစ်အသင်းကို ကမ္ဘာ့ဖလားနောက်တစ်ကြိမ်ထပ်ယူနိုင်ရေး လက်တစ်ကမ်းအကွာကို ပို့ဆောင်ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဘာပေနဲ့ပြင်သစ်အသင်းကို ပီအက်စ်ဂျီအသင်းဖော် မက်ဆီရဲ့ အာဂျင်တီးနားအသင်းက ဗိုလ်လုပွဲမှာ စောင့်နေပါတယ်။

ပီအက်စ်ဂျီရဲ့ ကြယ်ပွင့်ကစားသမားနှစ်ဦးရဲ့ အားပြိုင်မှုကို ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာမြင်တွေ့ရပါတော့မယ်။ နှစ်ဦးစလုံးက ကမ္ဘာ့ဖလားသွင်းဂိုး ၅ ဂိုးစီသွင်းထားတာကြောင့် ဗိုလ်လုပွဲမှာ တစ်ဂိုးထပ်သွင်းနိုင်တဲ့သူက ရွှေဖိနပ်ဆုရမယ့် အနေအထားလဲ ဖြစ်နေပါတယ်။

မော်ရိုကိုအသင်းဟာ ပြင်သစ်အသင်းကို ဆီမီးဖိုင်နယ်မှာ ခြေရည်တူကစားနိုင်ခဲ့သလို ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ကို ပထမဆုံးအကြိမ်တက်ရောက်လာနိုင်တဲ့ အာဖရိက အခြေစိုက်အသင်းတစ်သင်းအဖြစ်လည်း မှတ်တမ်းဝင်သွားပြီဖြစ်ပါတယ်။

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားနေရာကို မက်ဆီက ဆက်ထိန်းနိုင်မှာလား ဒါမှမဟုတ် မက်ဆီကို ဖယ်ပြီး ကမ္ဘာ့အကောင်းဆုံးနေရာကို ဘာပေကယူတော့မှာလားဆိုတာမကြာမီသိရတော့မယ်ထင်ပါတယ်။