20 Dec 2022

မက်ဆီသည် ကမ္ဘာ့ဖလားတွင် အောင်မြင်မှုရရှိခဲ့သော်လည်း ၎င်း၏မဟာပြိုင်ဘက်ရော်နယ်ဒိုမှာ ကမ္ဘာ့ဖလားတွင် များစွာအရေးနိမ့်ခဲ့ကြောင်း ရော်နယ်ဒိုသည် ကာတာကမ္ဘာ့ဖလားတွင် ၎င်း၏ကောင်းမွန်သောသမိုင်းကြောင်းကို ၎င်းက ပြန်လည်ဖျက်ဆီးလိုက်သကဲ့သို့ ဖြစ်ခဲ့ကြောင်း ဂျာမနီဂန္ထဝင်ကစားသမား မားသီးယပ်စ်က ထုတ်ဖော်ပြော ကြားလိုက်သည်။

ရော်နယ်ဒိုသည် ကမ္ဘာ့ဖလားကစားစဉ် သီတင်းပတ် ၆ ပတ်ကြာကာလအတွင်း အဖြစ်အပျက်များစွာ ဖြစ်ပွားခဲ့သည်။ ကမ္ဘာ့ဖလားကစားမီ ရက်ပိုင်းတွင် ပီယားစ်မော်ဂန်နှင့် အင်တာဗျူးဖြေကြားခြင်းကြောင့်  မန်ယူအသင်းနှင့် နှစ်ဘက်သဘောတူ လက်ခွဲခဲ့ကြသည်။  အုပ်စုပွဲစဉ် ဂါနာနှင့်ပွဲတွင် ဂိုးသွင်းနိုင်သော်လည်း တောင်ကိုရီးယားနှင့်ပွဲတွင် လူစားလဲခံခဲ့ရပြီးနောက် ကစားသည့် ရှုံးထွက်အဆင့်ပွဲစဉ်များတွင် ရော်နယ်ဒိုသည် ပွဲထွက်ကစားသမားနေရာကို ဆုံးရှုံးခဲ့သည်။

အသက် ၃၇ နှစ်အရွယ်ရှိ ရော်နယ်ဒိုသည် လက်ရှိအချိန်တွင် ကလပ်အသင်းလက်မဲ့ဖြစ်နေပြီး အသင်းသစ် တစ်သင်းကို ရှာဖွေနေသည်။ လိုသာမားသီးယပ်စ်က “သူ့ရဲ့အတ္တကြီးမှုကြောင့် ရော်နယ်ဒိုက သူကစားတဲ့ အသင်းတွေနဲ့သူကိုယ်တိုင်ကို ပြန်ပြီး ဒုက္ခပေးသလိုဖြစ်နေပါတယ်။ သူက ကြီးကျယ်တဲ့ ဘောလုံးသမား ဖြစ်ပြီး သိပ်ကောင်းတဲ့ အဆုံးသတ်ဂိုးသွင်းသူဖြစ်တယ်ဆိုတာကို သံသယမရှိပါဘူး။ ဒါပေမယ့် အခုတော့ သူက သူ့ရဲ့ ကောင်းမွန်တဲ့ သမိုင်းကြောင်းကို ပြန်ပြီးဖျက်ဆီးလိုက်သလို ဖြစ်သွားတယ်။ ရော်နယ်ဒိုအနေနဲ့ အသင်းတစ်သင်းမှာနေရာရဖို့ အခက်အခဲရှိလာနိုင်ပါတယ်။ ရော်နယ်ဒိုအတွက် စိတ်မကောင်းပါဘူး”ဟု ပြောဆိုလိုက်သည်။

မက်ဆီမှာမူ ရော်နယ်ဒိုနှင့် ဆန့်ကျင်စွာ ကာတာကမ္ဘာ့ဖလားတွင် အာဂျင်တီးနားအသင်းနှင့်အတူ ဗိုလ်စွဲခဲ့သလို ပြိုင်ပွဲတစ်လျှောက်အကောင်းဆုံးဘောလုံးသမားဆု ဖြစ်သော ရွှေဘောလုံးဆုကိုလည်း ရရှိခဲ့သည်။ ထိုသို့ ကမ္ယာ့ဖလားတွင် အောင်မြင်မှုရရှိခြင်းသည် မက်ဆီကို ဘလွန်းဒီအောဆုကို လာမည့်နှစ်တွင် နောက်တစ်ကြိမ် ထပ်မံဆွတ်ခူးပြီး ဘလွန်းဒီအောဆုကို စံချိန်တင် ၈ ကြိမ်မြောက်ဆွတ်ခူးနိုင်ရန် လမ်းဖွင့်ပေးလိုက်သကဲ့သို့ ရှိနေကြောင်းလည်း သတင်းများက ဖော်ပြသည်.

မက်ဆီသည် ရော်နယ်ဒိုနှင့်ဆန့်ကျင်၍ လက်ရှိထောင်စုနှစ် (Millennium) အတွက် အကောင်းဆုံးဘောလုံးသမား ဖြစ်ကြောင်း ဂျာမနီနှင့်အတူ ကမ္ဘာ့ဖလားကို ၁၉၉၀ တွင် ရရှိခဲ့သော မားသီးယပ်စ်က ပြောဆိုလိုက်သည်။ “ကာတာကမ္ဘာ့ဖလားမှာ ရော်နယ်ဒိုက အရှုံးသမားကြီးဖြစ်နေပေမယ့် မက်ဆီကတော့ လုံးဝကို အောင်နိုင်သူကြီးပေါ့။ မက်ဆီက ကျွန်တော် အပါအဝင် ကမ္ဘာ့ဘောလုံးပရိသတ်ကို ပြီးခဲ့တဲ့ ၁၈ နှစ်လောက်သူ့ရဲ့ကစားပုံကို ကြည့်ပြီး ပျော်ရွှင် စိတ်ချမ်းသာစေခဲ့ပါတယ်။ ကျွန်တော့်အတွက်တော့ မက်ဆီက ထောင်စုနှစ်တစ်ခုရဲ့ အကောင်းဆုံး ဘောလုံးသမားပါ”ဟု မားသီးယပ်စ်က ပြောဆိုလိုက်သည်။