15 Dec 2022

ပြင်သစ်အသင်းတွင် ဘာပေနှင့် သီယိုဟာနန်ဒက်စ်တို့က တိုက်စစ်ကိုသာအားပြုကစားနေခြင်းကြောင့် ဘယ်တောင်ပံ၌အားနည်းချက်ရှိကြောင်း အင်္ဂလန်ခံစစ်မှူးဟောင်း ဖာဒီနန်က ပြောဆိုလိုက်သည်။ ပြင်သစ်သည် သီယိုဟာနန်ဒက်စ် မူအာနီတို့၏သွင်းဂိုးများဖြင့် ဆီမီးဖိုင်နယ်တွင် မော်ရိုကိုအသင်းကို အနိုင်ရရှိခဲ့သည်။

ပြင်သစ်အသင်း၏ ဘယ်အစွန်ခံစစ်အားနည်းချက်ကို အသုံးပြုနိုင်ပါက မက်ဆီနှင့်အာဂျင်တီးနားအသင်း တို့သည် ၁၉၈၆ နောက်ပိုင်းပထမဆုံးအကြိမ်အဖြစ် အာဂျင်တီးနားအတွက် ကမ္ဘာ့ဖလားဆွတ်ခူးနိုင်မည် ဖြစ်ကြောင်း ဖာဒီနန်က ပြောဆိုလိုက်သည်။

“ပြင်သစ်အသင်းမှာ အားနည်းချက်အများကြီးမရှိပါဘူး။ ဒါပေမယ့် သူတို့ရဲ့ဘယ်အစွန်ခံစစ်ကတော့ ပြိုင်ဘက်တွေအဓိကထား ထိုးဖောက်သင့်တဲ့နေရာလို့ ကျွန်တော်ထင်ပါတယ်။ ပြင်သစ်အသင်းကို ပြိုင်ဘက်တွေထိုးဖောက်သွားတဲ့ အကြိမ်တွေရဲ့ သုံးပုံတစ်ပုံလောက်က ဘယ်အစွန်ခံစစ်အားနည်းချက်ကြောင့် ဖြစ်တယ်ဆိုတာကို မြင်ရပါလိမ့်မယ်”ဟု ဖာဒီနန်က ပြောဆိုလိုက်သည်။

ဘာပေသည် ကာတာကမ္ဘာ့ဖလားတွင် ပူးတွဲဂိုးအများဆုံးသွင်းသူအဖြစ်ရပ်တည်နေနိုင်သည်မှာ မှန်သော်လည်း ၎င်းသည် ခံစစ်ကို မကူနိုင်သည့် အားနည်းချက်ရှိကြောင်းနှင့် သီယိုဟာနန်ဒက်စ်သည်လည်း တိုက်စစ်ကို လိုက်ကစားရန် အားသန်သည့် ကစားသမားဖြစ်ကြောင်း သတင်းများကသုံးသပ်ဖော်ပြသည်။

လူးကပ်စ်ဟာနန်ဒက်စ်သည် ဒေရှောင့်၏ ပထမဦးစားပေး ဘယ်အစွန်ခံစစ်မှူးဖြစ်ပြီး ဩစတေးလျနှင့် ပွဲတွင် ၎င်းသည် ဒူးဒဏ်ရာရရှိခဲ့ခြင်းကြောင့် သီယိုဟာနန်ဒက်စ်ကို ဒေရှောင့်က ခံစစ်တွင်  အသုံးပြုနေခြင်း ဖြစ်သည်