25 Oct 2020

မြန်မာ့စပါးအုံးမြွေအောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ်ကာကွယ်ပွဲ ယှဉ် ပြိုင်ထိုးသတ်ရန်အတွက် အောက်တိုဘာ ၂၄ ရက်က ပြိုင်ပွဲကျင်းပမည့် စင်ကာပူနိုင်ငံသို့ ရောက်ရှိလာပြီ ဖြစ်ပြီး ပြိုင်ပွဲအတွက် လေ့ကျင့်မှုများကို ထပ်မံပြုလုပ်နေသည်။

မြန်မာ့စပါးအုံးမြွေအောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ်ကာကွယ်ပွဲအဖြစ် လာမည့် အောက်တိုဘာ ၃၀ ရက်တွင် စင်ကာပူနိုင်ငံ၌ စိန်ခေါ်သူနယ်သာလန်နိုင်ငံသား ရိုင်နီယာနှင့် ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။ အောင်လအန်ဆန်သည် အဆိုပါပွဲယှဉ်ပြိုင်ထိုးသတ်ရန်အတွက် အောက်တိုဘာ ၂၄ ရက်က စင်ကာပူနိုင်ငံသို့ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ လေ့ကျင့်မှုများကို ဆက်လက်ပြုလုပ်နေသည်။

One Championship ၏ ဟဲဗီးဝိတ်နှင့် မစ်ဒယ်ဝိတ်ခါးပတ် ၂ ခုပိုင်ရှင် အောင်လအန်ဆန်သည် ဟဲဗီးဝိတ်ချန်ပီယံကာကွယ်ပွဲအဖြစ် ပြီးခဲ့သည့် ၂၀၁၉ အောက်တိုဘာလက ဂျပန်နိုင်ငံ၌ စိန်ခေါ်သူ ဗီရာနှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာတွင် ဒုတိယအချီ၌ အလဲထိုးဖြင့်အနိုင်ရခဲ့သူဖြစ်သည်။

အောင်လအန်ဆန်အား စိန်ခေါ်သူ နယ်သာလန်နိုင်ငံသား ရိုင်နီယာမှာ ၁၂ ပွဲယှဉ်ပြိုင်ထိုးသတ် ထားပြီး ၁၂ ပွဲစလုံးအနိုင်ရရှိထားသူတစ်ဉီးဖြစ်သည်။ ရိုင်နီယာနှင့်ယှဉ်ပြိုင်ထိုးသတ်ရမည့်ပွဲအပေါ် မိမိအနေဖြင့် ပုံမှန်ပြင်ဆင်မှုများပြုလုပ်ထားပြီး အနိုင်ရရန် ကြိုးစားမည်ဖြစ်ကြောင်း အောင်လအန်ဆန်က ပြောကြားထားသည်။