24 Dec 2022

ဘရာဇီးသည် ရိုမာအသင်း၏ပေါ်တူဂီလူမျိုးနည်းပြချုပ် မော်ရင်ညိုကို လက်ရွေးစင်အသင်း နည်းပြချုပ်အဖြစ် ခန့်အပ်ရန် စီစဉ်နေသည်။ နည်းပြချုပ်တီတီနုတ်ထွက်သွားပြီးနောက် ဘရာဇီးလက်ရွေးစင်အသင်းကို ကိုင်တွယ်ရန် နည်းပြချုပ်တစ်ဦးကိုရှာဖွေနေသော ဘရာဇီး ဘောလုံးအဖွဲ့ချုပ်သည် ရီးရဲအသင်းနှင့် ချန်ပီယံလိဂ် ဖလားရခဲ့သော အန်ဆယ်လော့တီကို ဆက်သွယ်သော်လည်း ငြင်းပယ်ခံခဲ့ရသောကြောင့် မော်ရင်ညိုကို ပြောင်းရွှေ့ပစ်မှတ်ထားလာခြင်းဖြစ်သည်။

ကမ္ဘာ့ဖလားကိုစံချိန်တင် ၅ ကြိမ်ရရှိထားသော ဘရာဇီးအသင်းသည် ကာတာကမ္ဘာ့ဖလားတွင် ဗိုလ်စွဲမည် ဟု ရေပန်းစားနေသော်လည်း ခရိုအေးရှားကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ပြီးကွာတားဖိုင်နယ်မှ ထွက်ခဲ့ရသည်။ တီတီသည် ထိုပွဲအပြီး ၂ နာရီအကြာတွင် နုတ်ထွက်ခဲ့သည်။ မော်ရင်ညိုသည် ဘောလုံးလောက ၏ အခက်ခဲဆုံး တာဝန်တစ်ခုဖြစ်သော ဘရာဇီးအသင်းကို တာဝန်ယူရန် ပြည့်စုံသည် ဟု ဘရာဇီး ဘောလုံးအဖွဲ့ချုပ်က ယူဆသည်။

ဘရာဇီးသည် မော်ရင်ညိုကို ခေါ်ယူရေးအတွက် ကနဦးဆွေးနွေးမှုများကို ၎င်း၏အေးဂျင့်ဖြစ်သူ ဂျော့မန်ဒက်စ်နှင့် ဆွေးနွေးညှိနှိုင်းမှုများစတင်နေသည်။ ၂၀၁၇ မန်ယူကိုကိုင်တွယ်ကတည်းက ဘရာဇီး အသင်းကို ကိုင်တွယ်ခွင့်ရလျှင် စိတ်လှုပ်ရှားစရာကောင်းမည်ဟု မော်ရင်ညိုက ထုတ်ဖော်ပြောဆိုထားပြီး ယခုတစ်ကြိမ်အခွင့်အရေးကိုလည်း စိတ်ဝင်စားဖွယ်ရှိကြောင်း သတင်းများက သုံးသပ်ဖော်ပြသည်။ ပေါ်တူဂီလက်ရွေးစင်အသင်းကလည်း မော်ရင်ညိုကို နည်းပြချုပ်အဖြစ်ခန့်အပ်ရန် ဘရာဇီးနှင့်အပြိုင် စိတ်ဝင်စားနေသည်။