21 Dec 2022

အာဂျင်တီးနားအသင်းနှင့်အတူ ကမ္ဘာ့ဖလားအရယူပြီးနောက် မွေးရပ်မြေသို့ပြန်သွားသော မက်ဆီကို ၎င်း၏ဇာတိ ရိုဆာရီယိုရှိ ပရိသတ်များက သောင်းသောင်းဖြဖြ ကြိုဆိုကြသည်။ အာဂျင်တီးနားအသင်းသည် အင်္ဂါနေ့တွင် ဗျူနိုအေးရီးစ်မြို့အတွင်း အမိုးဖွင့်ကားဖြင့် လှည့်လည်အောင်ပွဲခံရာတွင် အာဂျင်တီးနား ဘောလုံးပရိသတ် သန်းပေါင်းများစွာသည် စုဝေးကြိုဆိုခဲ့ကြပြီး အချို့ပရိသတ်များသည် အသင်းသားများ စီးနင်းလိုက်ပါလာသော ကားများပေါ်သို့ ခုန်တက်ခဲ့ကြသည်။

ထို့ကြောင့် အာဂျင်တီးနားအသင်း၏ ကားဖြင့် လှည့်လည်အောင်ပွဲခံခြင်းသည် အပြီးမသတ်နိုင်ဖြစ်ခဲ့ရပြီး မက်ဆီနှင့်အသင်းသားများကို ရဟတ်ယာဉ်ဖြင့် လာရောက်ခေါ်ယူခဲ့ရသည်။ မက်ဆီတို့သည် ရဟဟတ်ယာဉ်ကို အနိမ့်ပြန်သန်း၍ ပရိသတ်များကို နှုတ်ဆက်ခဲ့ရသည်။

မက်ဆီသည် အောင်ပွဲခံ အခမ်းအနားအပြီးတွင် ဗျူနိုအေးရီးစ်မှ ၁၈၅ မိုင်ဝေးသော ဇာတိရိုဆာရီယိုသို့ ရဟတ်ယာဉ်ဖြင့် ပြန်လာခဲ့သည်။ မက်ဆီသည် ရဟတ်ယာဉ်ကွင်းမှနေ၍ ၎င်း၏နေအိမ်သို့ ဇနီးဖြစ်သူ အန်တိုနယ်လာရိုကူဇိုနှင့်အတူ ကားမောင်းပြန်လာခဲ့သည်။

အိမ်သို့အပြန်လမ်းတွင် ပရိသတ်ရာပေါင်းများစွာက ချန်ပီယံပြန်လာပြီဟူသော ကြွေးကြော် သံများဖြင့် မက်ဆီကို ကြိုဆိုခဲ့ကြခြင်းဖြစ်သည်။ မက်ဆီသည် ရိုဆာရီယိုမြို့တွင်မွေးဖွားခဲ့ခြင်းဖြစ်ပြီး ထိုမြို့ အခြေစိုက် နယူးဝဲလ်အိုးဘွိုင်းအသင်းတွင် ကစားသမားဘဝအစက ဘောလုံးကစားခဲ့သည်။ မက်ဆီသည် ရိုဆာရီယိုသို့ အခွင့်သာတိုင်းပြန်လာလေ့ရှိသည်။