20 Dec 2022

၂၀၂၂ ကာတာကမ္ဘာ့ဖလားတွင် ဗိုလ်စွဲခဲ့သော အာဂျင်တီးနားအသင်းသည် ယနေ့ အင်္ဂါနေ့တွင် အာဂျင်တီးနားမြို့တော် ဗျူနိုအေးရီစ် မြို့တော်ရှိ Obelisk အထိမ်းအမှတ်အဆောင်အုံ၏ရှေ့တွင် အောင်ပွဲခံ အခမ်းအနားကို ကျင်းပမည်ဖြစ်ကြောင်း အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ်က တနင်္လာနေ့တွင် တရားဝင် သတင်းထုတ်ပြန်သည်။ အာဂျင်တီးနားသည် အားကစားအောင်မြင်မှုများကို ထိုနေရာတွင် အောင်ပွဲခံအခမ်းအနားကို အဖြစ် အမှတ်တရ ကျင်းပလေ့ရှိသည်။

အာဂျင်တီးနားအစိုးရ  ကလည်း ယနေ့ အင်္ဂါနေ့ကို အများပြည်သူရုံးပိတ်ရက်အဖြစ် ကြေညာပေးခဲ့သည့် အတွက် အာဂျင်တီးနားဘောလုံးပရိသတ်များအနေဖြင့် အသင်း၏အောင်ပွဲခံ အခမ်းအနားကို အေးဆေးစွာ တက်ရောက် ဆင်နွှဲနိုင်မည်ဖြစ်သည်။ “ကမ္ဘာ့ဖလားမှာ အောင်ပွဲရ အာဂျင်တီးနားဘောလုံးအသင်းဟာ အင်္ဂါနေ့မှာ ပရိသတ်နဲ့ အတူ Obelisk အနားမှာ အောင်ပွဲခံ အခမ်းအနားကျင်းပမှာဖြစ်ပါတယ်”ဟု အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ်က တွစ်တာမှ တစ်ဆင့် တရားဝင်ကြေညာချက်ထုတ်ခဲ့ခြင်းဖြစ်သည်။

အာဂျင်တီးနားက ပြင်သစ်နှင့် ပုံမှန်ပွဲကစားချိန်တွင် ၂ ဂိုးစီသရေ အချိန်ပိုတွင် ၃ ဂိုးစီသရေကျပြီးနောက် ပင်နယ်တီအဆုံးအဖြတ်တွင် ၄-၂ ဖြင့်အနိုင်ရပြီး ကမ္ဘာ့ဖလားကို ရရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဗိုလ်လုပွဲ သည် ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက်တွင် အကောင်းဆုံးဗိုလ်လုပွဲ တစ်ပွဲအဖြစ် သတ်မှတ်ခြင်း ခံထားရသည်။

“ကျွန်တော်က အာဂျင်တီးနားကို ပြန်ရောက်ချင်နေပြီး ကမ္ဘာ့ဖလားအောင်ပွဲအတွက် ဘယ်လောက်တောင် အရူးအမူးဖြစ်နေပြီလဲ ဆိုတာကို သိချင်နေပါပြီ။ ပရိသတ်တွေနဲ့ အတူအောင်ပွဲခံချင်စိတ်က တားမရအောင်ဖြစ်နေပါတယ်”ဟု မက်ဆီက ပြောဆိုလိုက်သည်။

မက်ဆီသည် ကမ္ဘာ့ဖလားတွင် ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးဘောလုံးသမားများကို ချီးမြှင့်သော ရွှေဘောလုံးဆုကိုလည်း ရရှိခဲ့သည်။ ထိုသို့ ကမ္ဘာ့ဖလားတွင် အောင်မြင်မှုရရှိခြင်းသည် မက်ဆီသည် ဘလွန်းဒီအောဆုကို လာမည့်နှစ်တွင် နောက်တစ်ကြိမ် ထပ်မံဆွတ်ခူးပြီး ဘလွန်းဒီအောဆုကို စံချိန်တင် ၈ ကြိမ်မြောက်ဆွတ်ခူးနိုင်ရန် လမ်းဖွင့်ပေးလိုက်သကဲ့သို့ ရှိနေကြောင်းလည်း သတင်းများက ဖော်ပြသည်.