21 Dec 2022

ကမ္ဘာ့ဖလားကို အရယူလိုက်နိုင်သော မက်ဆီနှင့်အာဂျင်တီးနားအသင်းတို့သည် အမိုးဖွင့်ဘတ်စ်ကားဖြင့် ဗျူနိုအေးရီစ်မြို့အတွင်းတွင် အင်္ဂါနေ့က လှည့်လည်အောင်ပွဲခံခဲ့သည်။

ပရိသတ်သန်းနှင့်ချီ၍ မြို့အတွင်း စုဝေးပြီးအောင်ပွဲရ အာဂျင်တီးနားအသင်းကို အားပေးခဲ့ကြသလို ပရိသတ်အချို့သည် အာဂျင်တီးနားအသင်းသားများ စီးနင်းလာသည့် ကားပေါ်သို့ ခုန်တက်ရန် ကြိုးစားခဲ့သလို အချို့ကလည်း တံတားများပေါ်မှတစ်ဆင့် ကားပေါ်သို့ ခုန်ချရန်ကြိုးစားခဲ့ကြသည်

တံတားများပေါ်မှ နေ၍ အမိုးဖွင့်ကားပေါ်သတို့ ပရိသတ်အချို့က ခုန်တက်ခဲ့ကြသည်။

ထို့ကြောင့် မက်ဆီနှင့် အာဂျင်တီးနားအသင်းသည် အမိုးဖွင့်ကားဖြင့် ဆက်လက်သွားလာနိုင်ခြင်း မရှိတော့ပဲ ရဟတ်ယာဉ် တစ်စီးပေါ်သို့ ပြောင်းတက်ကာ လေထဲမှ နေ၍ ပရိသတ်ကို နှုတ်ဆက်ခဲ့ရသည်။

အာဂျင်တီးနားအသင်းသားများကို လာရောက်သယ်ဆောင်သွားသည့် ရဟတ်ယာဉ်

အာဂျင်တီးနားအသင်းသားများကို သယ်ဆောင်လာသော ရဟတ်ယာဉ်သည် လေထဲတွင် ခပ်နိမ့်နိမ့်ပြန်သန်းကာ ပရိသတ်များ စုဝေးနေသော အာဂျင်တီးနားမြို့လည် အထိမ်းအမှတ် အဆောက်အအုံအနီးတွင် လာရောက်စုဝေး၍ အားပေးသော ပရိသတ်များကို နှုတ်ဆက်ခဲ့သည်။

မက်ဆီတို့ကို ရေသေနတ်များဖြင့် နောက်ပြောင်ပြီး ပစ်ခတ်ခဲ့ကြသည်။

ပရိသတ်များကလည်း မက်ဆီနှင့် အသင်းသားများကို သူရဲကောင်းများကဲ့သို့ အော်ဟစ်အားပေး ခဲ့ကြသည်။ ထို့နောက် မက်ဆီနှင့်အာဂျင်တီးနားအသင်းသားများသည် အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ် အဆောင်အအုံသို့ ရဟတ်ယာဉ်ဖြင့် ပြန်ခဲ့ရသည်။

မက်ဆီနှင့် ကမ္ဘာ့ဖလားကို တွေ့လိုသောကြောင့် စုဝေးလာသော ပရိသတ်အရေအတွက်မှာ သန်းနှင့်ချီ၍ ရှိနိုင်ကြောင်း ခန့်မှန်းပြီးသတင်းများက ဖော်ပြသည်။

အာဂျင်တီးနားသည် အင်္ဂါနေ့ကို မက်ဆီတို့အားနှုတ်ဆက်နိုင်ရန်အတွက် ရုံးပိတ်ရက်အဖြစ်သတ်မှတ်ပေးခဲ့ခြင်းကြောင့်လည်း လူအရေအတွက် ပိုများသွားခြင်းဖြစ်သည်။

ပရိသတ်များသည် အသင်းစီးနင်းလာသော ဘတ်စ်ကားပေါ်သို့ တံတားများပေါ်မှ ခုန်ချရန် ကြိုးစားခဲ့ကြသဖြင့် အန္တရာယ်ရှိလာနိုင်သောကြောင့် ယခုကဲ့သို့ ရဟတ်ယာဉ်ပေါ်သို့ မက်ဆီတို့ကို ပြောင်းရွှေ့စီးနင်းစေရန် ရုတ်တရက်စီစဉ်လိုက်ရခြင်း ဖြစ်သည်။ ပရိသတ်အားလုံးကို မနှုတ်ဆက်နိုင်ခဲ့ခြင်းအတွက် အာဂျင်တီးနားအသင်းကိုယ်စားတောင်းပန်ကြောင်း လုံခြုံရေး တာဝန်ခံများက အသင်းကို ဆက်လက်အောင်ပွဲခံရန် ခွင့်မပြုနိုင်တော့သောကြောင့် ဖြစ်ကြောင်း စိတ်မကောင်းပါကြောင်း အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ဥက္ကဌက ပြောဆိုလိုက်သည်။