22 Dec 2022

အာဂျင်တီးနားအတွက် တတိယအကြိမ်မြောက် ကမ္ဘာ့ဖလားကို  ဆွတ်ခူးပေးနိုင်ခဲ့သည့် မက်ဆီကို ဂုဏ်ပြုသည့်အနေဖြင့် အာဂျင်တီးနားငွေစက္ကူ ပီဆို ၁၀၀၀ တန်တွင် မက်ဆီ၏မျက်နှာကို အမှတ်တရ ထည့်သွင်းရန် အာဂျင်တီးနားဗဟိုဘဏ်က လေးလေးနက်နက် စဉ်းစားနေကြောင်း မက္ကဆီကို မီဒီယာတစ်ခုက ထုတ်ဖော်ရေးသားလိုက်သည်။

အာဂျင်တီးနားအတွက် ကမ္ဘာ့ဖလားကို ၃၆ နှစ်အတွင်း ပထမဆုံးအကြိမ်ဆွတ်ခူးပေးနိုင်ခဲ့ပြီးနောက် မက်ဆီကို နှစ်ပေါင်းများစွာတည်တန့်အောင်ဂုဏ်ပြုသည့်အနေဖြင့် ထိုသို့ပြုလုပ်ရန် စဉ်းစားခြင်းဖြစ်သည်ဟု သတင်းများက ဆက်လက်ဖော်ပြသည်။

သို့ရာတွင် အဆိုပါအိုင်ဒီယာသည် နောက်ပြောင်ခြင်းဖြစ်နိုင်ကြောင်း ၁၉၈၆ တွင်ကမ္ဘာ့ဖလား ရယူပေးခဲ့သည့် မာရာဒိုနာကို ပင်အာဂျင်တီးနားက ထိုသို့ဂုဏ်ပြုခဲ့ခြင်း မရှိကြောင်း သတင်အချို့က ဆက်လက်ဖော်ပြသည်။ မက်ဆီသည် အာဂျင်တီးနားတွင် ဘောလုံးသူရဲကောင်းတစ်ဦး ဖြစ်သော်လည်း ငွေစက္ကူပေါ်တွင် ပုံရိပ်ကိုဖော်ပြခြင်းမှာမူ အဆင့်များစွာမြင့်မားသော ဂုဏ်ပြုမှုတစ်ခုဖြစ်သည်။

မက်ဆီသည် ကာတာတွင်ကမ္ဘာ့ဖလားယူပြီးနောက် အင်္ဂါနေ့တွင် မြို့တော် ဗျူနိုအေးရီးစ်၌ ပရိသတ်နှင့်အတူအောင်ပွဲခံရာတွင် ပရိသတ်အင်အားများပြားလွန်းပြီး မက်ဆီတို့စီးနင်းလာသော အမိုးဖွင့်ကားပေါ်သို့ ပရိသတ်များက တံတားများပေါ်မှ တစ်ဆင့်ခုန်ချခြင်းကြောင့် အောင်ပွဲခံခရီးစဉ်ကို တစ်ဝက်တစ်ပျက်ဖြင့်ရပ်နားပြိး ရဟတ်ယာဉ်ပေါ်သို့ ပြောင်းစီးကာ ဝေဟင်မှသာလျှင် ပရိသတ်များကို နှုတ်ဆက်ခဲ့ရသည်။ အင်္ဂါနေ့တွင် မက်ဆီနှင့် အာဂျင်တီးနားအသင်းကို ကြိုဆိုနှုတ်ဆက်သည့် ပရိသတ် သန်းနှင့်ချီ၍ ရှိခဲ့သည်။