17 May 2021

Miss Myanmar သူဇာဝင့်လွင်သည် ၆၉ ကြိမ်မြောက် Miss Universe (မယ်စကြာဝဠာ)ပြိုင်ပွဲတွင် National Costume (အမျိုးသားဝတ်စုံ) ပြိုင်ပွဲ၌ ပထမဆုကို ရရှိခဲ့သည်။

သူဇာဝင့်လွင်၏ မူလစီစဉ်ထားသော ဝတ်စုံသည် လေဆိပ်တွင် ပျောက်ဆုံးခဲ့ခြင်းကြောင့် ယခု ဆုရရှိခဲ့သော ချင်းဝတ်စုံကို ဝတ်ဆင်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

သူဇာဝင့်လွင်သည် National Costume တွင် ပထမဆု ရရှိခဲ့ခြင်းအပြင် Miss Universe ပြိုင်ပွဲတွင် ဆန်ခါတင် ၂၁ ဦးစာရင်းလည်း ဝင်ခဲ့ပြီဖြစ်သည်။ ၆၉ ကြိမ်မြောက် Miss Universe ပြိုင်ပွဲကို အမေရိကန်နိုင်ငံ ဖလော်ရီဒါတွင် ကျင်းပနေခြင်းဖြစ်သည်။

ထိုအမျိုးသားဝတ်စုံသည် မြန်မာတို့၏ ရက်ကန်းကျွမ်းကျင်မှုနှင့် ခိုင်မာသည့်စိတ်ဓာတ်ကို ပြသခြင်းဖြစ်ကြောင်း သူဇာဝင့်လွင်က ပြောဆိုခဲ့သည်။ ထိုပြိုင်ပွဲကို ကမကထပြုလုပ်သူများက Miss Myanmar ၏ ဝတ်စုံကို ချစ်ကြောင်း၊ ဆုရရန်ထိုက်တန်ကြောင်း ပြောဆိုခဲ့သည်။

ထိုဝတ်စုံနှင့်ပတ်သက်၍ သူဇာဝင့်လွင်က သူမ၏ နဂိုစီစဉ်ထားသော National Costume မှာ အကြောင်းအမျိုးမျိုးကြောင့် အချိန်မီရောက်မလာခဲ့ကြောင်း၊ အမေရိကန်တွင်ရှိသည့် ချင်းလူမျိုးမိတ်ဆွေတို့၏ အကူအညီဖြင့် ချင်းဝတ်စုံလှလှလေးကို ဝတ်ဆင်ကာ အကောင်းဆုံး ယှဉ်ပြိုင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ National Costume အတွက် ကူညီပေးခဲ့ကြသော အမေရိကန်ရောက် ချင်းလူမျိုးများနှင့် ချင်းတောင်တန်း (အတ္တလန္တာဂျော်ဂျီယာ)အဖွဲ့ကို ကျေးဇူးတင်ကြောင်း သူမ၏ လူမှုကွန်ယက်တွင် ရေးသားခဲ့သည်။