20 Feb 2021

(၁)
ကိန်းနဲ့ ကစားခဲ့တဲ့ ပြင်သစ်ဖလားရှုံးထွက်ပွဲစဉ်မှာ အရန်ခုံတန်းမှာ စိတ်မသက်မသာနဲ့ သက်ပြင်းတွေချနေတဲ့ နည်းပြပိုချက်တီနိုကို တွေ့ရတယ်။ ပြင်သစ်လီဂူး-၂ ကလပ် ကိန်းလိုအသင်းမျိုးကို ထိထိရောက်ရောက်အသာစီး မကစားနိုင်တဲ့ သူ့အသင်းကို ပိုချက်တီနို အားမလိုအားမရဖြစ်နေမှာတော့ အမှန်ပဲ။ ဒါပေမယ့် ပိုချက်တီနိုရင်ထဲ ပိုပြီးတောက်လောက်နေတဲ့သောကမီးက အဓိက တိုက်စစ်မှူးနေမာတစ်ယောက် ပြိုင်ဘက်တွေရဲ့ ပစ်မှတ်ထားဖျက်ထုတ်ခြင်းကို ခံနေရတာပါပဲ။ နေမာဟာ ကိန်းနဲ့ပွဲမှာ မကြာခဏလူချခံနေရတယ်။ ပြိုင်ဘက်တွေရဲ့ ကြမ်းတမ်းတဲ့ဖျက်ထုတ်မှု ကို နေမာခံနေရတယ်။ ဒါက ဒဏ်ရာကနေ နာလန်ထူခါစ နေမာအတွက်တော့ အလွန်စိုးရိမ်စရာကောင်းတဲ့ အခြေအနေဆိုတာ ပိုချက်တီနို ခံစားမိတယ်။ ဒါကြောင့် မိနစ် ၆၀ မှာတော့ ကွင်းထဲ မှာ ကွင်းလယ်ဒိုင်တွေရဲ့ ကူကယ်ရာမဲ့နေတဲ့ နေမာကို ပိုချက်တီနို လူစားလဲဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ပိုချက်တီနိုရဲ့ ဆုံးဖြတ်ချက်မှန်ကန်ခဲ့ပေမယ့် အချိန်နှောင်းသွားခဲ့ရတယ်။ နေမာအနေနဲ့ ဒဏ်ရာပြဿနာဒဏ်ကနေ ဘယ်လိုမှ မရှောင်လွှဲနိုင်ခဲ့ဘဲ ပွဲအပြီးမှာ နေမာဟာ ပေါင်ဒဏ်ရာရခဲ့တယ်လို့ ပိုချက်တီနိုက အတည်ပြုခဲ့ပါတယ်။ ဆေးစစ်ချက်တွေ ထွက်ပေါ်လာအပြီးမှာတော့ နေမာဟာ ၄ ပတ်ခန့် အနားယူရတော့မယ်လို့ ပီအက်စ်ဂျီက ထုတ်ပြန်ခဲ့ပါတယ်။ ဒါကြောင့် နေမာဟာ အသင်း ဟောင်း ဘာစီလိုနာနဲ့ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ရှုံးထွက် နှစ်ကျော့စလုံးကို လွဲချော်ရတော့မယ့် အနေအထားပါပဲ။ ဒီပွဲစဉ်အပေါ် နေမာရဲ့ အားခဲထားမှုတွေကလည်း သဲထဲရေသွန်ဖြစ်ခဲ့ရပါပြီ။
(၂)
နေမာဟာ ၂၀၁၇ ခုနှစ် နွေရာသီ အပြောင်းအရွှေ့က မက်ဆီရဲ့လောင်းရိပ်အောက်ကနေထွက်ပြီး Ballon d’Or ဆုရယူမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဘာစီလိုနာကနေ ပီအက်စ်ဂျီကို ပြောင်းရွှေ့လာခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအချိန်ကတည်းက နေမာရဲ့ကစားသမားဘဝဟာ အမှောင်ဖုံးလွှမ်းခဲ့ရတာပါ။ ပီအက်စ်ဂျီကို ရောက်ရှိပြီး အစောပိုင်းကာလတွေလောက်သာ ပြင်သစ်လိဂ်က ကစားသမားတွေနဲ့ စွမ်းဆောင်ရည်ချင်းကွာခြားလွန်းလို့ နေမာလုပ်တိုင်းဖြစ်ခဲ့ပေမယ့် သူ့ကို စောင့်ကြိုနေတဲ့ ဒဏ်ရာနတ်ဆိုးအောက်မှာ နေမာ အညံ့ခံခဲ့ရပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားမှာ နေမာ ပြန်လာနိုင်ခဲ့ပေမယ့် ဒိုင်ဗင်ပစ်မှုတွေက ရုပ်ပေါက်လွန်းခဲ့ပြီး တစ်ကမ္ဘာလုံးက Neymar Challenge ဆိုပြီး ဒိုင်ဗင်ပစ်တဲ့ဟန် သရုပ်ဖော်လှောင်ပြောင်ခဲ့တဲ့အထိ ကစားသမားဘဝ အမည်းစက်စွန်းခဲ့ရပါတယ်။

Image result for neymar diving

စီရော်နယ်ဒို၊ မက်ဆီတို့နောက်ပိုင်း ဘောလုံးကမ္ဘာကို လွှမ်းမိုးမယ့်သူအဖြစ် သတ်မှတ်ခံထားရတဲ့ နေမာဟာ ဒိုင်ဗင်သမားဆိုတဲ့ ပရိသတ်တွေရဲ့ တံထွေးခွက်ထဲမျောခဲ့ရပါတယ်။ နေမာရဲ့ ဖခင်ကတော့ သူ့သားဟာ ပွဲစဉ်တစ်ပွဲအတွင်း ပြိုင်ဘက်တွေရဲ့ ရည်ရွယ်ချက်ရှိရှိ ဖျက်ထုတ်မှုကို ခံနေရတာကြောင့် ဒိုင်ဗင်ပစ်မှုကို နည်းစနစ်တစ်ခုလို အသုံးချနေရတာလို့ ကာကွယ်သွားခဲ့ပါတယ်။

”လူတွေက နေမာကို ဒိုင်ဗင်သမား၊ ဟန်ဆောင်သူလို့ ခေါ်ကြပါတယ်။ တကယ်တော့ နေမာဟာ ဒိုင်ဗင်ပစ်တာမဟုတ်ပါဘူး။ ဒါကနည်းစနစ်တစ်ခုပါ။ အဲဒီဟာကို နေမာအနေနဲ့ အကယ်ဒမီမှာကတည်းက ကျင့်သုံးလာခဲ့တာဖြစ်ပြီး အခုလို ပရော်ဖက်ရှင်နယ် ဘောလုံးသမားဖြစ်တဲ့အထိကျင့်သုံးလာတော့တာပဲ။ ကစားသမားတစ်ယောက်က ကြမ်းကြမ်းတမ်းတမ်းကစားတော့မယ်ဆိုရင် နေမာက လေထဲ ခုန်လိုက်တာပါပဲ။ ဘာဘီကျူအသားကင်ထုတ်ကို လေထဲမြှောက်ပစ်လိုက်ပြီး တူနဲ့ အားပြင်းပြင်းထုမယ်ဆိုရင်တောင် အဲဒီအရာက မကွဲတော့ပါဘူး။ ဒါပေမယ့် မြေပြင်ပေါ်မှာ သေချာတည်ပြီး ထုမယ်ဆိုရင်တော့ အားသိပ်မထည့်ဘဲနဲ့တောင် ပျက်စီးသွားနိုင်ပါတယ်”လို့ နေမာရဲ့ ဖခင်က ပြောဆိုသွားခဲ့တာပါပဲ။

ဘောလုံးပွဲတစ်ပွဲပြီးတိုင်း ပြိုင်ဘက်ရဲ့ ကြမ်းတမ်းတဲ့ ကစားဟန်ကြောင့် ခြေထောက်တစ်ချောင်းလုံးထုံနေတဲ့အထိ ရေခဲတုံးများစွာကပ်ထားရတာ၊ ပရိယာယ်များစွာနဲ့ ယှဉ်ပြိုင်ရတဲ့ ဘောလုံးပွဲတွေမှာ လှည့်ဖျားမှုတွေသုံးတာ လိုအပ်ပေမယ့် ဒိုင်ဗင်ပစ်တာက ဒဏ်ရာ ပြဿနာကနေ ရှောင်လွှဲနိုင်မယ့် နည်းလမ်းမှန် ဟုတ်ရဲ့လားဆိုတာ ဆန်းစစ်စရာပါ။ မက်ဆီ၊ စီရော်နယ်ဒိုတို့လည်း ပွဲတစ်ပွဲအတွင်း ခဏခဏလူချခံရပေမယ့် နေမာလို ဒဏ်ရာပြဿနာကနေ ကာကွယ်ဖို့ ဒိုင်ဗင်ပစ်တယ်ဆိုတဲ့ ဆင်ခြေမျိုး မပေးကြပါဘူး။

Image result for neymar injury


နေမာရဲ့ ကစားဟန်က ပြိုင်ဘက်တွေ စိတ်မရှည်တဲ့ ဟန်ပန်မျိုးပါ။ တစ်ခါတလေကျရင် နေမာဟာ ပြိုင်ဘက်တွေကို ဆွကစားလွန်းပြီး မလိုလားအပ်တဲ့ ဖျက်ထုတ်မှုမျိုးတွေကို ခံရတတ်ပါတယ်။ ကိန်းနဲ့ပွဲမှာ ဒဏ်ရာရရှိပြီးနောက် နေမာဟာ လူမှုကွန်ရက်မှာ ပရိသတ်တွေထံ ရင်ဖွင့်ခဲ့ပါတယ်။ ဒဏ်ရာပြဿနာနဲ့ပတ်သက်ပြီး နာကျင်ခံစားရမှုတွေကို နေမာတစ်ယောက် ရင်ဖွင့်ခဲ့တာပါပဲ။

”နာကျင်မှုက ကြီးမားပြီး တော်တော်လေးဝမ်းနည်းရပါတယ်။ ဘောလုံးကစားခြင်းကို ခဏရပ်နားခဲ့ရပြန်ပါပြီ။ တစ်ခါတလေကျရင် ကျွန်တော့်ရဲ့ ကစားပုံကိုတောင် သံသယဝင်မိပါတယ်။ ကျွန်တော် ဖြတ်ကျော်မှုပြုလုပ်လိုက်ရင် ပြိုင်ဘက်တွေက ခပ်ကြမ်းကြမ်းဟန့်တားကြတယ်။ ပြဿနာက ကျွန်တော်လား၊ ဒါမှမဟုတ် ကျွန်တော့်ရဲ့ကစားပုံလားဆိုတာကို မသိတော့ပါဘူး” လို့ နေမာက ရင်ဖွင့်ခဲ့တာပါပဲ။ ဒါဟာ နေမာအနေနဲ့ သူ့ရဲ့ ကစားပုံကို ပထမဆုံးအကြိမ် သံသယဝင်ခဲ့ခြင်းပါပဲ။ ဒါပေမယ့် ဇီဝဗေဒပညာရှင် ဖာဘရီကတော့ နေမာရဲ့ကစားပုံက ပြဿနာမဟုတ်ဘဲ အပျော်အပါးမက်လွန်းတဲ့ ကွင်းပြင်ပနေထိုင်မှုက အဓိကပြဿနာလို့ ဝေဖန်ခဲ့ပါတယ်။ အရက်သေစာသောက်စားတာ၊ ပါတီပွဲတွေကြောင့် အိပ်ရေးပျက်တာတွေက ကြွက်သားတွေရဲ့ ကြံ့ခိုင်မှုကိုအားနည်းစေပြီး ဒဏ်ရာရရှိမှုရဲ့ အခရာကျတယ်လို့ ဖာဘရီက ရှင်းပြခဲ့တာပါ။ မွန်းကြပ်လွန်းတဲ့ ဘောလုံးသမားတစ်ယောက်ရဲ့ဘဝမှာ စိတ်ထွက်ပေါက်ဖြစ်တဲ့ ပါတီပွဲတွေကို မစွန့်လွှတ်နိုင်ဘူးလို့ နေမာက ခံယူထားသူပါ။ ဖာဘရီရဲ့ ပြောပုံအရဆိုရင် အဲဒီခံယူချက်ကို မစွန့်လွှတ်သရွှေ့ နေမာအနေနဲ့ ဒဏ်ရာနွံထဲမှာ နစ်နေဦးမယ့်ပုံပါပဲ။

Image result for neymar


(၃)
ကစားသမားတစ်ယောက်အနေနဲ့ ကွင်းတွင်းမှာ အကောင်းဆုံးစွမ်းဆောင်နိုင်ဖို့ဆိုရင် ကွင်းပြင်ပနေထိုင်မှုက အလွန်အရေးပါပါတယ်။ ပီအက်စ်ဂျီ နည်းပြပိုချက်တီနိုကတော့ ကိန်းနဲ့ပွဲမှာ နေမာ ဒဏ်ရာရရှိသွားမှုအတွက် ဒိုင်လူကြီးတွေနဲ့ ကာကွယ်ပေးမှု အားနည်းတာကို ဝေဖန်ခဲ့ပါတယ်။ ဒါပေမယ့် ဆိုးရွားလှတဲ့ ကွင်းမျက်နှာပြင် အနေအထားမျိုးမှာ ထိလွယ်၊ ရှလွယ်ရှိတဲ့ နေမာကို ထည့်သွင်းအသုံးပြုခဲ့တဲ့ သူ့ရဲ့ အမှားလည်းမကင်းဘူးလို့ ကျွမ်းကျင်သူတွေက ပိုချက်တီနိုကို ပြန်လည်ဝေဖန်ခဲ့ပါတယ်။
ဘာစီလိုနာကနေ စွန့်ခွာပြီး ပီအက်စ်ဂျီကို ပြောင်းရွှေ့လာတဲ့အချိန်ဟာ နေမာရဲ့ ကစားသမားဘဝအတောက်ပဆုံးအချိန်ပါ။ ဒါပေမယ့် နေမာဟာ ကစားသမားဘဝအတောက်ပဆုံးအချိန်ကို ထွန်းလင်းခွင့်မရရှာဘဲ ဒဏ်ရာနွံထဲမှာသာ ဖြတ်သန်းနေခဲ့ရတာ နှမြောစရာကောင်းလွန်းပါတယ်။ ဒါပေမယ့် တစ်ခုချီးကျူးဖို့ကောင်းတာက နေမာဟာ ဒဏ်ရာပြဿနာတွေ ခဏခဏ ကြုံတွေ့နေပေမယ့် ခြေစွမ်းဟာ တိမ်ပါးမသွားဘဲ ပီအက်စ်ဂျီရဲ့ အဓိကကစားသမားအဖြစ်တည်ရှိနေတာပါပဲ။ နေမာရဲ့ အသက်ဟာ ၂၉ နှစ်ရှိလာခဲ့ပြီဖြစ်ပြီး မျှော်မှန်းထားတဲ့ အမြင့်ဆုံးသော အောင်မြင်မှုတွေရယူနိုင်ဖို့ အချိန်သိပ်မကျန်တော့ပါဘူး။ အဲဒီလိုအောင်မြင်မှုတွေ ရယူနိုင်ဖို့ဆိုရင် နေမာအနေနဲ့ လက်ကျန်ကစားသမားဘဝမှာ တစ်ခုခုကို ပြောင်းလဲဖို့ လိုအပ်နေပါ ပြီ။ သူကိုယ်တိုင် သံသယဝင်လာပြီဖြစ်တဲ့ ပြိုင်ဘက်တွေ မျက်စိဆံပင်မွှေးဆူးစရာကစားပုံကို နေမာပြောင်းလဲမလား၊ ဒါမှမဟုတ် ကွင်းပြင်ပက အပျော်အပါးများပြားတဲ့ နေထိုင်မှုပုံစံကို နေမာ ပြောင်းလဲမလား။ အားခဲထားသမျှ သဲထဲရေသွန်ဖြစ်သွားတဲ့ ခံစားချက်မျိုးထပ်မကြုံချင်တော့ဘူးဆိုရင် နေမာ ပြောင်းလဲဖို့လိုအပ်နေပါပြီ။

ပြည့်အိမ်