16 Jan 2024

ယခုနှစ်အတွက် ဖီဖာမှ ချီးမြှင့်သော တစ်နှစ်တာ အကောင်းဆုံးအမျိုးသားဘောလုံးသမားဆုကို အာဂျင်တီးနားအသင်းတိုက်စစ်မှူး မက်ဆီက ဆွတ်ခူးရရှိသွားပြီဖြစ်သည်။ မက်ဆီသည် အဆိုပါဆုကို တတိယအကြိမ်မြောက် ရရှိခြင်းဖြစ်သည်။

မက်ဆီသည် နော်ဝေတိုက်စစ်မှူး ဟာလန်းနှင့် မဲပေးရွေးချယ်ရာတွင် အမှတ်တူဖြစ်နေသော်လည်း အသာရသည်ဟု သတ်မှတ်ခံရကာ ဆုရခဲ့ခြင်းဖြစ်သည်။ မဲပေးမှုကို ရေတွက်ရာတွင် မက်ဆီနှင့်ဟာလန်းတို့နှစ်ဦးစလုံးက ၄၈ မှတ်စီရရှိခဲ့ပြီး ဘာပေက ၃၅ မှတ်ရရှိခဲ့သည်။ ဟာလန်းသည် ပြီးခဲ့သည့်ဘောလုံးရာသီတွင် မန်စီးတီးနှင့်အတူ ဆုဖလား ၃ လုံးဆွတ်ခူးနိုင်ခဲ့သည်။

မက်ဆီသည် ဆုရွေးချယ်ရာတွင် ဟာလန်းနှင့်အမှတ်တူနေသော်လည်း နိုင်ငံလက်ရွေးစင်အသင်း ခေါင်းဆောင်များ အများစုက မဲပေးရာတွင် မက်ဆီကို ပထမဦးစားပေးအဖြစ် မဲပေးရွေးချယ်ခဲ့သည်ဆိုသောအချက်ကြောင့် မက်ဆီကို ဟာလန်းထက် အသာပေး၍ ဖီဖာတစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားအဖြစ် ရွေးချယ် ဆုချီးမြှင့်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံအသင်းခေါင်းဆောင်များက မဲပေးရာတွင် မက်ဆီက ၁၃ မှတ်ရရှိပြီး ဟာလန်းက ၁၁ မှတ်သာ ရရှိခဲ့သည်။

အဆိုပါဆုအတွက် နိုင်ငံလက်ရွေးစင်အသင်းခေါင်းဆောင်များ နည်းပြများ မီဒီယာများနှင့် ပရိသတ်များက မဲပေးခဲ့ကြခြင်းဖြစ်သည်။ မက်ဆီ၏ နိုင်ငံတကာပြိုင်ပွဲများတွင် ရရှိခဲ့သော အောင်မြင်မှုများက ဟာလန်း၏ မန်စီးတီးနှင့်အတူ ရရှိခဲ့သော ကလပ်အသင်းအောင်မြင်မှုများကို ဖုံးလွှမ်းသွားခြင်းဖြစ်ကြောင်း မီဒီယာအချို့က သုံးသပ်ဖော်ပြကြသည်။