11 Mar 2024

မန်ယူအသင်း ပိုင်ရှင်တစ်ဦးဖြစ်သော ဆာဂျင်မ်ရက်ကလစ်ဖ်သည် လာမည့်နွေရာသီ အပြောင်းအရွှေ့ကာလတွင် ပေါင်သန်း ၁၀၀ ကျော်တန်ကြေးရှိသည့် လူငယ်ကစားသမားတစ်ဦးကို ခေါ်ယူရန် ကြိုးပမ်းလာဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်လာသည်။ မန်ယူသည် အမှတ်ပေးချန်ပီယံဆုကို လာမည့်ဘောလုံးရာသီတွင် အမှန်တကယ်စိန်ခေါ်နိုင်ရန် ကြိုးပမ်းနေပြီး ထိရောက်သည့် ကစားသမားအင်အား ဖြည့်တင်းမှုကို ပြုလုပ်လိုနေသည်။

လက်ရှိဘောလုံးရာသီတွင် အသင်း၏အင်အားနည်းနေသော နေရာများကို လေ့လာပြီး ကစားသမားဖြည့်တင်းရန် စီစဉ်နေကြောင်း လာမည့်နွေရာသီအပြောင်းအရွှေ့တွင် ခေါ်ယူရန်အတွက် အဓိက အပြောင်းအရွှေ့ပစ်မှတ် တစ်ခုကို မန်ယူတာဝန်ရှိသူများက ပစ်မှတ်ထားပြီးဖြစ်ကြောင်း ဗြိတိန်မီဒီယာတချို့က ဖော်ပြသည်။

၂၀၁၆ တွင် ပေါ့ဘာကို ယူဗင်တပ်စ်မှ ပြောင်းရွှေ့ကြေးပေါင် ၈၉ သန်းပေး၍ ခေါ်ယူခဲ့ခြင်းသည် မန်ယူ၏ ဈေးအကြီးဆုံး အပြောင်းအရွှေ့တစ်ခုအဖြစ်မှတ်တမ်းဝင်နေပြီး ယခုတစ်ကြိမ်တွင် ပေါ့ဘာ၏ အပြောင်းအရွှေ့ထက်ပို၍ ငွေပိုသုံးရန် ဆာဂျင်မ်ရက်ကလစ်ဖ်တို့က ကြိုးစားနေကြောင်း သတင်းများက ဆက်လက်ဖော်ပြသည်။

မန်ယူသည် ပေါ်တူဂီကလပ် ဘင်ဖီကာအသင်းမှ ဂျာအိုနက်ဗက်စ်ကို ခေါ်ယူရန် ကြိုးစားနေခြင်းဖြစ်သည်။ အသက် ၁၉ နှစ်အရွယ် နက်ဗက်စ်သည် ဥရောပ၏ အလားအလာအကောင်းဆုံးလူငယ်ကွင်းလယ်လူတစ်ဦးအဖြစ်လည်း သတ်မှတ်ခြင်းခံထားရသူဖြစ်ပြီး ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် သုံးကြိမ်ပါဝင်ကစားထားသည်။ ဘင်ဖီကာ လူငယ်အကယ်ဒမီထွက် နက်ဗက်စ်သည် ဘင်ဖီကာ စီနီယာအသင်းကြီးအတွက် ၆၂ ကြိမ်ပါဝင်ကစားထားပြီး သုံးဂိုးသွင်းယူထားသည်။

မန်ယူသည် အမှုဆောင်အရာရှိချုပ်အသစ်အဖြစ် အိုမာဘာရီဒါကို ခန့်အပ်ထားသလို နယူးကာဆယ်မှ အားကစားဒါရိုက်တာ ဒန်အက်ရှ်ဝဒ်ကိုလည်း ခေါ်ယူရန် ကြိုးစားနေသည်။ တန်းဟက်၏ မန်ယူအသင်းသည် ၂၈ ပွဲကစားအပြီးတွင် ၄၇ မှတ်ဖြင့် ပရီးမီးယားလိဂ်တွင် အဆင့် ၆ နေရာ၌ ရပ်တည်နေပြီး လာမည့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရရန် မသေချာဖြစ်နေသလို မန်နေဂျာ တန်းဟက်ဂ်ကိုလည်း အစားထိုးမည်ဟု သတင်းများထွက်နေသည်။