11 Mar 2024

အန်ဖီးတွင် လီဗာပူးနှင့် မန်စီးတီးတို့ တစ်ဂိုးစီသရေကျသောပွဲတွင် အနီရောင်အသင်း ခံစစ်ကစားသမား ဗန်ဒိုက်ချ်၏ ခြေစွမ်းကို ဘောလုံးရေးရာဝေဖန်သူတစ်ဦးဖြစ်သော ကာရေဂါက ချီးမွမ်းပြောဆိုလိုက်သည်။ ဒတ်ချ်လူမျိုးခံစစ်မှူး ဗန်ဒိုက်ချ်သည် နေရာယူမှုတွင် မန်စီးတီးတိုက်စစ်မှူး ဟာလန်းထက်ပို၍ ကောင်းမွန်ကြောင်း ကာရေဂါက ချီးမွမ်းပြောဆိုသည်။

ဗန်ဒိုက်ချ်သည် လီဗာပူးခံစစ်ကို ကျစ်လျစ်အောင် စုစည်းနိုင်သည့်အပြင်အသင်း၏ လူငယ် ခံစစ်မှူးများကိုလည်း ခြေစွမ်းပြနိုင်ရန် ကူညီပေးနိုင်သူတစ်ဦးဖြစ်ပြီး အဆိုပါ အရည်အချင်းများက ၎င်းကို အခြား ကမ္ဘာ့အဆင့် ခံစစ်မှူးများထက် ခေါင်းတစ်လုံးသာစေခြင်းဖြစ်ကြောင်း ကာရေဂါက ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ကြီးကျယ်တဲ့ခံစစ်မှူးဆိုတာ သူတစ်ဦးတည်းအတွက် ကစားတာမဟုတ်ဘဲ ကျန်တဲ့နောက်တန်း လူတွေ ခံစစ်မှူး ၄ ဦးစလုံးကို ထိန်းချုပ်နိုင်ရပါမယ်။ ဗန်ဒိုက်ချ်မှာ ဒီလိုအရည်အချင်းမျိုးရှိတဲ့အတွက် ဒီပွဲရဲ့ အကောင်းဆုံးဘောလုံးသမားဆုနဲ့လည်း ထိုက်တန်ပါတယ်။ ဟာလန်းက ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူး တစ်ဦးဆိုရင် ဗန်ဒိုက်ချ်ကလည်း အဲဒီလို အဆင့်အတန်းရှိတဲ့ ခံစစ်မှူးတစ်ဦးဖြစ်ပါတယ်။ ခံစစ်မှူး ဖြစ်တဲ့ ဗန်ဒိုက်ချ်က တိုက်စစ်မှူးဖြစ်တဲ့ ဟာလန်းထက်သာတယ်လို့လည်း ကျွန်တော် တကယ်ထင်ပါတယ်။ ကမ္ဘာ့အကောင်းဆုံးခံစစ်မှူးနဲ့ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးတို့ရဲ့ တိုက်ပွဲကိုကြည့်လိုက်ပါ ဗန်ဒိုက်ချ်က အသာရနေပါတယ်”ဟု ကာရေဂါက ပြောဆိုလိုက်သည်။