18 Apr 2024

ပီအက်စ်ဂျီအသင်းသည် စိတ်လှုပ်ရှားဖွယ်ရာ ခြေစွမ်းပြပြီး ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့တွင် ဘာစီလိုနာကို အဝေးကွင်းတွင် ၁-၄ ဖြင့် အနိုင်ရရှိခဲ့သည်။ ထို့ကြောင့် နှစ်ကျော့ပေါင်း ၄-၆ ဂိုးဖြင့် ပီအက်စ်ဂျီအသင်းသည် နောက်တစ်ဆင့် တက်နိုင်ခဲ့သည်။ ထိုဒုတိယအကျော့ပွဲစဉ်သည် အကောင်းဆုံး comeback တစ်ခုဖြစ်ခဲ့သော်လည်း ၎င်းအနေဖြင့် လက်ရှိရာသီအကုန်တွင် ပီအက်စ်ဂျီအသင်းကို စွန့်ခွာမည်ဆိုသော ဆုံးဖြတ်ချက်ကိုမူ ပြင်ဆင်မည်မဟုတ်ကြောင်း ဘာပေက ပွဲအပြီး တွင်ထုတ်ဖော်ပြောဆိုသည်။

အဆိုပါ ဒုတိယအကျော့ပွဲစဉ်တွင် ဘာပေသည် ဒုတိယပိုင်းတွင် ၂ ဂိုးသွင်းပြီး ခြေစွမ်းပြနိုင်ခဲ့သည်။ အသက် ၂၅ နှစ်အရွယ်ရှိ ဘာပေသည် လက်ရှိဘောလုံးရာသီအကုန် အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးချိန်တွင် ပြင်သစ်ကလပ်အသင်းကို စွန့်ခွာမည် ဖြစ်ကြောင်း ပြီးခဲ့သည့် ဖေဖော်ဝါရီကတည်းက အတည်ပြုသတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ပီအက်စ်ဂျီအသင်းက ဘာစီလိုနာကို အနိုင်ရ၍ ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ပြီးနောက်တွင် တက်ကြွစွာ အောင်ပွဲခံနေသော ဘာပေကို ဆုံးဖြတ်ချက်ပြောင်းလဲရန် ရှိပါသလားဟု သတင်းထောက်တစ်ဦးက မေးမြန်းခဲ့သည်။ ဘာပေက “နိုး နိုး နိး” ဟုဖြေကြားခဲ့ကြောင်း သတင်းများက ဖော်ပြသည်။

၂၀၁၇ တွင် မိုနာကိုမှ ပီအက်စ်ဂျီသို့ ရောက်ရှိလာသော ဘာပေသည် ပဲရစ်အသင်းနှင့်အတူ လီဂူးဝမ်းချန်ပီယံဆုကို ၅ ကြိမ်ဆွတ်ခူးနိုင်ခဲ့ပြီး အသင်းအတွက် ၃၀၂ ပွဲကစားကာ ၂၅၃ ဂိုးသွင်းယူပေးထားနိုင်သည်။