14 Dec 2023

နယူးကာဆယ်အသင်းသည် မနေ့ညက စိန့်ဂျိမ်းစ်ပါ့ခ်တွင် ကစားသည့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွင် အေစီမီလန်အသင်းကို ၁-၂ ဖြင့် ရှုံးနိမ့်ခဲ့ခြင်းကြောင့် အုပ်စုတွင် အဆင့် ၄ နေရာသာရကာ ဥရောပပြိုင်ပွဲများမှ ထွက်ခဲ့ရပြီဖြစ်သည်။ အသင်းမန်နေဂျာဖြစ်သူ အက်ဒီဟောင်းက နယူးကာဆယ်သည် ပွဲတစ်ပွဲကို အနိုင်ရရေးကိုသာ အမြဲတမ်းဦးစားပေး ကစားလေ့ရှိကြောင်း အေစီမီလန်နှင့် ပွဲအပြီးတွင် ထုတ်ဖော်ပြောဆိုလိုက်သည်။ အေစီမီလန်နှင့်ပွဲတွင် သရေရလဒ်ရရှိခဲ့ပါက နယူးကာဆယ်သည် ယူရိုပါလိဂ်ပလေးအော့ဖ်ကစားခွင့်ကို မျှော်လင့်နိုင်ဖွယ်ရှိသည်။ နယူးကာဆယ်သည် ပွဲပြီးကာနီးအထိ ၁ ဂိုးစီသရေ ရလဒ်ကို ထိန်းထားနိုင်သော်လည်း ပွဲချိန် ၈၄ မိနစ်တွင်အေစီမီလန်မှ ချက်ဝူဇီက အနိုင်ဂိုးသွင်းသွားသဖြင့် ၁-၂ ဖြင့် ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။

အက်ဒီဟောင်းက ၎င်းအနေဖြင့်ပွဲအပြီးရလဒ်အတွက် စိတ်ပျက်ရသော်လည်း နယူးကာဆယ်၏ ကစားဟန်ကိုမူ ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။ “ကျွန်တော်တို့ ရှုံးထွက်အဆင့်ကို တက်ချင်ပါတယ်။ ပွဲမစင်မှာရော ပွဲကစားနေချိန်မှာရော အဲဒီလိုပဲ စဉ်းစားပြီး ကြိုးစားခဲ့ပါတယ်။ အခုလို အတွေ့အကြုံကို သင်ခန်းစာယူပြီး ဒီအရှုံးခံစားမှုကနေ မြန်မြန်ရုန်းထွက်ရပါလိမ့်မယ်။ နယူးကာဆယ်ကတော့ ခံစစ်ထက် တိုက်စစ်ကို ဦးစားပေးကစားမှာပါပဲ။ ဒါက နယူးကာဆယ်ရဲ့ ကစားဟန်ဖြစ်ပြီး အနာဂတ်မှာလည်း ဒီကစားဟန်အတိုင်းကစားမှာ ဖြစ်ပါတယ်”ဟု အက်ဒီဟောင်းက ပြောဆိုခဲ့သည်။

နယူးကာဆယ်သည် ချန်ပီယံလိဂ်နှင့် နှစ်ပေါင်း ၂၀ ဝေးကွာနေရာမှ လက်ရှိဘောလုံးရာသီတွင် ပြန်လည်ပါဝင်ကစားခွင့်ရခြင်း ဖြစ်သည်။ ယခုနှစ်တွင် အုပ်စုအဆင့်ကို မကျော်နိုင်ခဲ့သော်လည်း အသင်း၏ကစားသမားများသည် ဂုဏ်ယူဖွယ် ခြေစွမ်းအချို့ကို ပြသနိုင်ခဲ့ကြောင်း အက်ဒီဟောင်းက ထုတ်ဖော်ပြောဆိုခဲ့သည်။

“ကျွန်တော်က ပွဲအပြီးမှာ ကစားသမားတွေကို ပြောခဲ့ပါတယ်။ အသင်းသားတွေရဲ့ကြိုးစားအားထုတ်မှုမှာ ဘာမှကို နောင်တရ စရာမရှိပါဘူး။ ပွဲတိုင်းလိုလိုမှာ ရှိသမျှ ခွန်အားအကုန်ထုတ်ပြီးကစားခဲ့ကြပါတယ်။ ချန်ပီယံလိဂ်မှာ နောက်တစ်ကြိမ်ကြိုးစားခွင့်ကို ခပ်မြန်မြန်ပြန်ရချင်ပါတယ်။ ကျွန်တော်တို့ ပရီးမိးယားလိဂ် ခြေစွမ်းအရလည်း အခုလိုအခွင့်အရေးမျိုးကို ရနိုင်ပါတယ်”ဟု အက်ဒီဟောင်းက ပြောဆိုလိုက်သည်။