19 Dec 2023

ချက်အသင်းကစားသမားဟောင်း ဗလာဒီမာစမိုက်ဆာက ပရီးမီးယားလိဂ်ကလပ်အသင်းများဖြစ်ကြသော မန်စီးတီးနှင့် အာဆင်နယ်တို့သည် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် သို့ တက်ရောက်နိုင်ရန် အခြေအနေကောင်းနေကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။ အာတီတာ၏အသင်းသည် ပေါ်တိုနှင့် လည်းကောင်း ဂွာဒီယိုလာ၏အသင်းသည် ကိုပင်ဟေဂင်နှင့် လည်းကောင်း ၁၆ သင်းအဆင့်တွင် ရင်ဆိုင်ရရန် ရှိနေသည်။

စမိုက်ဆာသည် လွန်ခဲ့သော ၁၈ နှစ်ကပရီးမီးယားလိဂ်ကလပ် လီဗာပူးနှင့်အတူ ချန်ပီယံလိဂ်ဖလားရခဲ့သူဖြစ်သည်။ “စာရွက်ပေါ်မှာတော့ အာဆင်နယ်က ဖေးဘရိတ်လို့ ပြောလို့ရပါတယ်။ သူတို့က ပြည်တွင်းမှာရော ဥရောပမှာပါ ခြေစွမ်းပြနေနိုင်ပါတယ်။ ဒါပေမယ့် ပေါ်တိုနဲ့ ရင်ဆိုင်ရမှာဆိုတော့ ဘာကိုမှ ကံသေကံမ ပြောလို့မရဘူး။ ပေါ်တိုမှာ ဘရာဇီးနဲ့ အာဂျင်တီးနား ကစားသမားအချို့ပါဝင်ကစားနေပါတယ်။ သူတို့က ကမ္ဘာ့အဆင့်ပြိုင်ပွဲတွေမှာ ခြေစွမ်းပြဖို့ ကြိုးစားလေ့ရှိပါတယ်။ ပေါ်တိုက အန္တရာယ်ရှိတဲ့အသင်းဖြစ်ပါတယ်။ အာဆင်နယ်က အိမ်ကွင်းမှာရော အဝေးကွင်းမှာပါ အနိုင်ရနိုင်ပါတယ်”

“မန်စီးတီးလည်း အာဆင်နယ်လိုပဲ အခြေအနေကောင်းပါတယ်။ ကျွန်တော်ကိုပင်ဟေဂင်အသင်းကို ကောင်းကောင်းသိပါတယ်။ သူတို့က စပါတာပရဂ်ကို ကျော်ဖြတ်သွားတာပါ။ ကိုပင်ဟေဂင်က မန်ယူနဲ့ ကစားတဲ့ပွဲမှာ မာကျောတဲ့အသင်းဆိုတာကို ပြသသွားတယ်။ သူတို့အနေနဲ့အပြင်းအထန်တိုက်ခိုက်ကြိုးစားရင် အခွင့်အရေးတချို့ရှိနိုင်ပါတယ်။ မန်စီးတီးကတော့ အလွယ်တကူနဲ့ ကျော်ဖြတ်သွားနိုင်ပါလိမ့်မယ်”ဟု စမိုက်ဆာက ပြောဆိုလိုက်သည်။

အင်တာမီလန်အသင်းသည် အေတီကိုအသင်းနှင့်လည်းကောင်း ဇာဗီ၏ ဘာစီလိုနာအသင်းသည် နာပိုလီအသင်းနှင့်လည်းကောင်း ချန်ပီယံလိဂ် ၁၆ သင်းအဆင့်တွင် စိတ်ဝင်စားဖွယ်ရင်ဆိုင်ရမည်ဖြစ်သည်။