20 Apr 2024

ပြင်သစ်ကစားသမားဟောင်းဇီဒန်းသည် ဘိုင်ယန်မြူးနစ်အသင်းနည်းပြချုပ်အဖြစ် တာဝန်ယူရန် နီးစပ်နေကြောင်း သတင်းများထွက်နေသော်လည်း မန်ယူအသင်း၏ စိတ်ဝင်စားမှုကို ခံနေရပြီး မန်ယူအသင်း၏ အခြေအနေကို ဇီဒန်းဘက်မှ စိတ်ဝင်တစား စောင့်ကြည့်နေကြောင်းလည်း သတင်းများထွက်ပေါ်လာသည်။

ရီးရဲမက်ဒရစ်အသင်းနည်းပြချုပ်ဟောင်းသည် မန်ယူမန်နေဂျာ တန်းဟက်၏ အခြေအနေကို စောင့်ကြည့်နေကြောင်း မီဒီယာများက သတင်းဖော်ပြခြင်းဖြစ်သည်။ အသက် ၅၁ နှစ်အရွယ်ရှိဇီဒန်းသည် ရီးရဲမက်ဒရစ်အသင်းနှင့် လာလီဂါချန်ပီယံဆု နှစ်ကြိမ် ချန်ပီယံလိဂ်ဖလား ၃ ကြိမ်ရရှိထားပြီး အောင်မြင်မှုကို အချိန်တိုအတွင်း ယူပေးနိုင်သူဖြစ်ကြောင်းလည်း နာမည်ကြီးနေသူဖြစ်သည်။ ဘိုင်ယန်တွင်နေလျှင် အောင်မြင်မှုရရန် ပိုမိုလွယ်ကူနိုင်သော်လည်း ၎င်း၏ဂျာမန်ဘာသာစကား မကျွမ်းကျင်မှုနှင့် ဘာဗားရီးယားတွင် အခြေချနေထိုင်ရမည့်ကိစ္စတို့ကြောင့် ဘိုင်ယန်နည်းပြချုပ်ဖြစ်လာရန် ဇီဒန်းက စဉ်းစားနေခြင်း ဖြစ်ကြောင်း မီဒီယာများက သုံးသပ်ဖော်ပြသည်။ သို့ရာတွင် အချို့မီဒီယာများကလည်း ဇီဒန်းသည် တူချယ်နေရာကို အစားထိုးဝင်ရောက်ရန် ခြေတစ်လှမ်းသာ လိုအပ်တော့ကြောင့် ရေးသားဖော်ပြသည်။

ဘိုင်ယန်မြူးနစ်သည် လက်ရှိနည်းပြချုပ် တူချယ်ကို ရာသီကုန်တွင် အလုပ်မှ ထုတ်ပယ်တော့မည်ဖြစ်ကြောင်း ပြီးခဲ့သည့် ဖေဖော်ဝါရီလက ထုတ်ပြန်ကြေညာခဲ့သည်။ ဘိုင်ယန်သည် လက်ရှိဘောလုံးရာသီတွင် ချန်ပီယံလိဂ်ဖလားတစ်လုံး မျှော်လင့် နိုင်သေးသည်။

ဇီဒန်းသည် အင်္ဂလိပ်ဘာသာစကားကို ဂျာမန်ဘာသာစကားထက် အနည်းငယ်ပိုမိုကျွမ်းကျင်ခြင်းကြောင့် အိုးထရက်ဖို့ဒ်မှ ရာထူးကို စိတ်ဝင်စားရန် အလားအလာရှိကြောင်း မီဒီယာများက ဖော်ပြခြင်းဖြစ်သည်။ မန်ယူမန်နေဂျာ တန်းဟက်သည် လက်ရှိအချိန်တွင် ရုန်းကန်နေရပြီး လာမည့်နှစ်ဘောလုံးရာသီတွင် ဥရောပပြိုင်ပွဲများတွင် လုံးဝပါဝင်ခွင့်မရနိင်ဖြစ်သွားနိုင်သည့် အခြေအနေတစ်ရပ်ကိုလည်း ရင်ဆိုင်နေရသည်။ မန်ယူအသင်း၏ တစ်စိတ်တစ်ပိုင်းပိုင်ရှင်ဖြစ်သော ရက်က်လစ်ဖ်သည် ဇီဒန်းကို မန်နေဂျာအဖြစ်ခန့်အပ်ရန်ကို လိုလာကြောင်းလည်း သတင်းများထွက်ပေါ်လာသည်။ ဥရောပသတင်းဌာန အချို့ကို ဇီဒန်းသည် ဘိုင်ယန်နှင့်နီးစပ်နေကြောင်း သတင်းဖော်ပြသော်လည်း အချို့သတင်းဌာနတချို့က ဇီဒန်းနှင့် ဘိုင်ယန်သည် တွေ့ဆုံဆွေးနွေးမှုပင်မရှိကြောင်း သတင်းထုတ်ပြန်နေသည်။