6 Nov 2023

ဒေးဗစ်ရာယာသည် အာတီတာအတွက် ကြီးမားသည့် ပြဿနာတစ်ခုဖြစ်လာကြောင်း ကာရေဂါက ပြောဆိုလိုက်ပြီး ဂိုးနှင့် ရှေ့တန်းတွင် ရှိနေသော ဟာကွက်များကို ပြုပြင်နိုင်မှသာလျှင် ပရီးမီးယားလိဂ်ဖလားကို အာတီတာအနေဖြင့် မျှော်လင့်နိုင်မည်ဖြစ်ကြောင်း ကာရေဂါက ဆက်လက်ပြောဆိုလိုက်သည်။

ပြီးခဲ့သည့်ဘောလုံးရာသီတွင် အာဆင်နယ်သည် ၂၀၀၄ နောက်ပိုင်းပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်ချန်ပီယံဆုကို မျှော်လင့်နိုင်ခဲ့သော်လည်း ရာသီအကုန်တွင် မန်စီးတီးက ကျော်တက်ကာ ချန်ပီယံဆုကို လက်လွှတ်ခဲ့ရသည်။ အာဆင်နယ်သည် လက်ရှိဘောလုံးရာသီတွင် ချန်ပီယံဆုကို အရယူရန် မျှော်လင့်နေပြီး ပြီးခဲ့သည့်နွေရာသီတွင် ပေါင်သန်း ၂၀၀ အကုန်ကျခံကာ တင်းဘား၊ ရိုက်စ်နှင့် ကိုင်ဟာဗက်စ်တို့ကို ဝယ်ယူအားဖြည့်ထားသည်။

သို့ရာတွင် အာဆင်နယ်အနေဖြင့် အမှတ်ပေးချန်ပီယံဖြစ်ရန် မလုံလောက်သေးကြောင်း ကာရေဂါက ပြောဆိုလိုက်သည်။ ပြီးခဲ့သည့်ဘောလုံးရာသီတစ်လျှောက်လုံးနှင့် ယခုနှစ်ရာသီအစ လေးပွဲတွင် ရမ်ဒေးစ်သည် အာဆင်နယ်၏ အမာခံဂိုးသမားအဖြစ် ကစားခဲ့သည်။ သို့ရာတွင် အဆိုပါပွဲစဉ်များနောက်ပိုင်းမှ စပြီး အာဆင်နယ်အသင်း၏ ဂိုးသမားနေရာတွင် ရာယာက နေရာရလာသည်။ အသက် ၂၉ နှစ်အရွယ်ရှိ ရာယာကို ဘရန့်ဖို့ဒ်အသင်းမှ အငှားဖြင့် အာတီတာက ခေါ်ယူပြီးနောက် ဘောလုံးလောကမှ အံ့အားသင့်မှုများ ရှိနေခဲ့သည်။ ကာရေဂါက ရာယာကို ခေါ်ယူလိုက်ခြင်းသည် အာဆင်နယ်တွင် ဂိုးသမားနေရာကို ပိုမိုတောင့်တင်းစေခြင်းမရှိရုံမျှသာမက အခြားပြဿနာများကို ဖန်တီးလာနိုင်ကြောင်း ထုတ်ဖော်ဝေဖန်လိုက်သည်။

“အခု အာတီတာအတွက် ပြဿနာတစ်ခုဖြစ်လာတယ်။ သူက ချဲလ်ဆီးနဲ့ပွဲမှာ ကျုးလွန်တဲ့အမှားကို နယူးကာဆယ်နဲ့ပွဲမှာလည်း ထပ်လုပ်လိုက်တယ်”ဟု ကာရေဂါက ပြောသည်။ အာဆင်နယ်သည် ဂိုးရှေ့တွင်လည်း လုံလောက်သည့်ထက်မြက်မှုမျိုးမရှိဟု ကာရေဂါက ထပ်မံဝေဖန်လိုက်သည်။

“အာဆင်နယ်အသင်းမှာ အမှတ်ပေးချန်ပီယံဆုကို အရယူနိုင်မယ့် တိုက်စစ်မှူးနဲ့ ဂိုးသမားရှိလားဆိုရင် မရှိဘူးလို့ပြောရမှာပါ။ ချန်ပီယံဖြစ်ဖို့ဆိုရင် ကွင်းရဲ့ နှစ်ဘက်စလုံးမှာ ကစားသမားကောင်းတွေရှိဖို့လိုပါတယ်”ဟု ကာရေဂါက ပြောဆိုလိုက်သည်။ အာဆင်နယ်သည် နယူးကာဆယ်ကို ရှုံးနိမ့်ခြင်းမှာ လက်ရှိဘောလုံးရာသီ ပရီးမီးယားလိဂ်အတွက်ပထမဆုံး အရှုံးပွဲဖြစ်ပြီး အမှတ်ပေးဇယားတွင် အဆင့်လေးနေရာသို့ဆင်းသွားသည်။