18 Dec 2023

လီဗာပူးကို အန်ဖီးလ်တွင် ဂိုးမရှိသရေကျခဲ့သည့်ပွဲတွင် တော်မီနေးသည် အသင်း၏ကွင်းလယ်တိုက်စစ်နေရာတွင် ပါဝင်ကစားခဲ့သလို အသင်းခေါင်းဆောင်လက်ပတ်ကိုလည်း ဝတ်ဆင်ခွင့်ရရှိခဲ့သည်။ အဆိုပါပွဲတွင် အသင်းသားများ၏ စွမ်းဆောင်ရည်နှင့်ပတ်သက်၍ ကြည်နူးရကြောင်း တော်မီနေးက ပြောသည်။

မန်ယူသည် ဘိုင်ယန်နှင့် ဘုမ်းမောက်တို့ကို ရှုံးနိမ့်ခဲ့ပြီး နောက်ဆုံးကစားသည့် ရှစ်ရက်အတွင်းတွင် သွင်းဂိုးမရရှိခဲ့သော်လည်း အန်ဖီးတွင် လီဗာပူးကို မာမာထန်ထန် ခံကစားနိုင်ခဲ့ပြီး အနိုင်ရနိုင်သည့်အနေအထားတွင်ပင်ရှိနေခဲ့သည်။ မန်ယူသည် အနိုင်သုံးမှတ်ရရန် အခွင့်အရေးရှိခဲ့သော်လည်း သရေတစ်မှတ်သည် ကျေနပ်စရာကောင်းကြောင်း တော်မီနေးက ပြောဆိုလိုက်ခြင်းဖြစ်သည်။

“မန်ယူအသင်းသားတွေအနေနဲ့ တည်တည်ငြိမ်ငြိမ်နဲ့ စုစည်းမှုရှိရပါမယ်။ ဖိအားက အရမ်းများတယ်ဆိုတာကို မန်ယူအသင်းသား အားလုံးကသိထားကြပါတယ်။ အားလုံးအတွက် ခက်ခဲတဲ့ အချိန်တွေလည်းဖြစ်ပါတယ်။ အရင်အင်တာဗျူးတွေမှာလည်း ပြောဖူးပါတယ်။ ကျွန်တော်တို့အားလုံး တန်းဟက်ဘက်မှာ အခိုင်အမာရပ်တည်နေပါတယ်။ တန်းဟက်က အသင်းကို အချိန်ကောင်းတစ်ခုရောက်အောင် ဦးဆောင်ပေးနိုင်မယ်လို့လည်း ယုံကြည်ပါတယ်။ လက်ရှိအခိုက်အတန့်က တည်ဆောက်နေရတဲ့ အချိန်ဖြစ်ပါတယ်။ ကျွန်တော်တို့က အခုထက်ပိုပြီး ဂိုးကန်သွင်းခွင့်မရတာကို အနည်းငယ် စိတ်ပျက်မိပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်က ရလဒ်ကိုလည်း မမေ့ပါဘူး”

“မန်ယူအသင်းမှာ အသင်းခေါင်းဆောင်အနေနဲ့ ကစားခွင့်ရတာဟာ ကျွန်တော့်ကစားသမားဘဝ သက်တမ်းမှာ ဂုဏ်အယူရဆုံး ကိစ္စတစ်ခုဖြစ်ပါတယ်။ လက်ရှိအခြေအနေအတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီထက်ပိုပြီးလည်း လုပ်ပြချင်တယ်။ တခြားသူတွေရဲ့ ဝေဖန်မှုတွေကို ခေါင်းထဲမထည့်ပါဘူး။ ဘောလုံးကွင်းထဲမှာ အကောင်းဆုံးကြိုးစားပြပါတယ်။ အကြောင်းပြချက်တွေ ပြောနေစရာ မရှိပါဘူး”ဟု တော်မီနေးက ပွဲအပြီးတွင် ပြောဆိုခဲ့သည်။ မက်တော်မီနေးသည် မန်ယူအသင်း၏ အသင်းခေါင်းဆောင်အဖြစ် ပရီးမီးယားလိဂ်တွင် ပထမဆုံးအကြိမ်အဖြစ် ကစားခွင့်ရခဲ့ခြင်းဖြစ်သည်။

မန်ယူသည် လက်ရှိဘောလုံးရာသီတွင် အန်ဖီးကွင်းတွင် မရှုံးနိမ့်သည့် ပထမဆုံးအသင်းဖြစ်ခဲ့သလို လီဗာပူးအသင်းကို ပေးဂိုးမရှိသည့် ပထမဆုံးအသင်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။