18 Apr 2024

ယမန်နေ့ညက ကစားသည့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပွဲစဉ်တွင် ဘိုင်ယန်မြူးနစ်ကို  အဝေးကွင်းတွင် ၁-၀ ဖြင့် အာဆင်နယ်က ရှုံးနိမ့်ခဲ့သည်။ အာဆင်နယ်သည် နှစ်ကျော့ပေါင်း ၃-၂ ဂိုးဖြင့် ကွာတားဖိုင်နယ်မှ ထွက်ခဲ့ရပြီဖြစ်သည်။

ပထမအကျော့တွင် ၂ ဂိုးစီသရေကျခဲ့သောကြောင့်  ဒုတိယအကျော့ပွဲစဉ်သည် ဘိုင်ယန်နှင့် အာဆင်နယ် နှစ်သင်းစလုံးအတွက် မျှော်လင့်ချက်ထားစရာ ပွဲစဉ်တစ်ခုဖြစ်ခဲ့သည်။ ထိုပွဲတွင် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ၆၃ မိနစ်တွင် ဘိုင်ယန်မှ ဂူရီယိုဖြတ်တင်ပေးသည်ကို ကင်မစ်ချ်က ခေါင်းတိုက်သွင်းယူခဲ့ခြင်းဖြစ်သည်။

ချန်ပီယံလိဂ်မှ ထွက်ခဲ့ရပြီးနောက် အာဆင်နယ်အတွက် ဆုဖလားမျှော်လင့်ချက်ဟူ၍  ပရီးမီးယားလိဂ်ဖလားတစ်ခုသာ ကျန်ရှိတော့ပြီး အာဆင်နယ်သည် ဆုဖလားလက်မဲ့ရသည် တစ်ခုကို ကြုံတွေ့ရရန် အလားအလာရှိနေကြောင်းလည်း မီဒီယာများက သတင်းဖော်ပြသည်။

အာဆင်နယ်အသင်းမန်နေဂျာအာတီတာက အာဆင်နယ်အနေဖြင့် ချန်ပီယံလိဂ်ဖလားကို အရယူရန်အတွက် နှစ်ပေါင်းများစွာ ကြာနိုင်ကြောင်းလည်း ဘိုင်ယန်ကို ရှုံးနိမ့်သော ပွဲအပြီးတွင် ထုတ်ဖော်ပြောဆိုလိုက်သည်။ “ဘိုင်ယန်နဲ့ပွဲအပြီးမှာ ကစားသမားတွေက အဝတ်လဲခန်းထဲမှာ စိတ်ထိခိုက်နေတာကို တွေ့ရပါတယ်။  သူတို့ကို နှစ်သိမ့်ဖို့အတွက်လည်း ကျွန်တော်အနေနဲ့ စကားလုံးတွေ ရှာမတွေ့ဘူး ဖြစ်နေတယ်။ ဒါကို ကျော်ဖြတ်နိုင်ဖို့အတွက် ကျွန်တော့်အနေနဲ့ တစ်စုံတစ်ရာ ပြောချင်တာအမှန်ပါပဲ။ အာဆင်နယ် အနေနဲ့ အတွေ့အကြုံများတဲ့ ပြိုင်ဘက်အသင်းနဲ့  ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ အသင်းနှစ်သင်းကြားက ကွာခြားချက်ကလည်း တကယ်ကို ကျဉ်းမြောင်းပါတယ်။ ခံစစ်ကစားတဲ့နေရာမှာ ကျွန်တော်တို့အနေနဲ့ အမှားတစ်ခု ကျူးလွန်ခဲ့ပြီး တစ်ဂိုးပေးလိုက်ရပါတယ်။ အာဆင်နယ်က ချန်ပီယံလိဂ်မှာ မပါဝင်နိုင်တာ ၇ နှစ်လောက်ကြာခဲ့ပါတယ်။ ပြန်လည်ပါဝင်ကစားခွင့်ရတာနဲ့  ကျွန်တော်တို့ကို ဆီမီးဖိုင်နယ်လောက် ရောက်မယ်လို့ မျှော်လင့်ကြပြန်ရော။ ကျွန်တော်တို့လည်း ဒီအတိုင်းဖြစ်ချင်တာပါပဲ။ ဒါပေမယ့် တခြားအသင်းတွေကို ကြည့်လိုက်ပါ။ ချန်ပီယံလိဂ်မှာ ဒီလိုအဆင့်မျိုးရောက်ဖို့ဆိုတာ ၇ နှစ် ၈ နှစ်လောက် အချိန်ယူရပါတယ်။ ဒီနှစ်မှာ ကျွန်တော်တို့ နီးစပ်ခဲ့တယ်လို့ပဲ ပြောရမယ်။ ဒါကတော့ အရှိကို အရှိအတိုင်းပြောတာပါ”ဟု အာတီတာက ပြောသည်။

အာဆင်နယ်သည် နောက်ဆုံးကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဗီလာကို ၀-၂ ဖြင့်ရှုံးနိမ့်ခဲ့ပြီး လာမည့်စနေနေ့တွင် ဝုဖ်အသင်းနှင့် ကစားရန်ရှိနေသည်။ အသင်းအတွက် အရေးကြီးသော အချိန်တွင် အသင်းကို စုစည်းအားပေးရန်လည်း အာတီတာက ပရိသတ်များကို ပန်ကြားခဲ့သည်။