12 Dec 2023

ယနေ့ညကစားမည့် မန်ယူနှင့်ပွဲတွင် အင်္ဂလန်တိုက်စစ်မှူးဟယ်ရီကိန်းသည် ပျော်ပျော်ပါးပါးနှင့် ပါဝင်ကစားမည်ဖြစ်ကြောင်း ဘိုင်ယန်အသင်းနည်းပြချုပ် တူချယ်က ထုတ်ဖော်ပြောဆိုလိုက်သည်။ ချန်ပီယံလိဂ် အုပ်စုအေတွင် ဘိုင်ယန်သည် ၅ ပွဲကစား ၄ ပွဲအနိုင်ရရှိထားပြီး အုပ်စုဗိုလ်အဖြစ် ဦးဆောင်နေနိုင်သော်လည်း အိုးထရက်ဖို့ဒ်တွင် မန်ယူနှင့်ရင်ဆိုင်ရမည့်ပွဲတွင် ဟယ်ရီကိန်းကို‌ ခြေချန်ထားခြင်းမရှိပဲ ထည့်သွင်းကစားသွားမည်ဖြစ်ကြောင်း တူချယ်က ထုတ်ဖော်ပြောဆိုလိုက်ခြင်း ဖြစ်သည်။ မန်ယူသည် အဆိုပါပွဲတွင် အနိုင်ရရှိမှသာလျှင် နောက်တစ်ဆင့်တက်ရန်အတွက် အခွင့်အရေးရှိမည်ဖြစ်သည်။

လက်ရှိဘောလုံးရာသီတွင် ကိန်းသည် ဘိုင်ယန်အတွက် ပြိုင်ပွဲစုံ ၂၂ ဂိုးသွင်းယူထားသည်။ တူချယ်က “အသင်းပရိသတ်တိုင်းက ကိန်းကို အသင်းမှာ ပါဝင်ကစားတာမြင်ချင်ကြမှာပါပဲ။ သူက အသင်းအတွက် စံပြကစားသမားဖြစ်သလို ခြေစွမ်းအရမ်းကောင်းပြီး စိတ်ဓာတ်ခိုင်မာတဲ့ကစားသမားမျိုးဖြစ်ပါတယ်။ ကိန်းကို အသင်းတွက်ခေါ်ယူစာချုပ်နိုင်တာကို အရမ်းဂုဏ်ယူပါတယ်။ ကိန်းက ဂိုးတွေအများကြီးသွင်းနိုင်တဲ့ ကစားသမားဖြစ်ပြီး မန်ယူနဲ့ပွဲမှာ ပျော်ပျော်ပါးပါးပါဝင်ကစားသွားမှာဖြစ်ပါတယ်”ဟု ပြောဆိုလိုက်သည်။

တန်းဟက်၏အသင်းသည် နောက်ဆုံးကစားသည့်ပွဲတွင် ဘုမ်းမောက်ကို ၃ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ထားပြီး အသင်းပရိသတ်များ၏ဝေဖန်ခြင်းကို ခံထားရသည်။ ချန်ပီယံလိဂ်အုပ်စုတွင် ၃၉ ပွဲဆက်တိုက်ရှုံးပွဲမရှိ စံချိန်တင်ထားသော ဘိုင်ယန်အသင်း၏နည်းပြချုပ် တူချယ်က  မန်ယူသည် လျှော့တွက်၍ မရကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

“မန်ယူက အမြဲတမ်း အန္တရာယ်ရှိတဲ့အသင်းတစ်သင်းဖြစ်ပါတယ်။ ခက်ခဲတဲ့အခြေအနေမှာ အသက်ဆက်နိုင်တာက မန်ယူအသင်းရဲ့ဒီအင်အေမှာ ပါပြီးသားပါ။ အခုနောက်ပိုင်းပွဲတွေမှာ မန်ယူက ပေးဂိုးများနေတယ်ဆိုတာလည်း မှန်ပါတယ်။ သူတို့ခြေစွမ်းပြတဲ့နေ့တွေမှာ ဘာတွေလုပ်ပြနိုင်လည်းဆိုတာ သိကြမှာပါ။ သူတို့ရဲ့ကွင်းမှာ ထူးခြားတဲ့အခိုက်အတန့်တွေ အများကြီးရှိပါတယ်။ ဘိုင်ယန်အတွက်တော့ ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်”ဟုတူချယ်က ပြောဆိုလိုက်သည်။

နောက်ဆုံးကစားသည့်ချန်ပီယံလိဂ်ပွဲစဉ်တွင် ကိုပင်ဟေဂင်အသင်းနှင့် ဂိုးမရှိသရေကျပြီးနောက်တွင် အိုးထရက်ဖို့ဒ်တွင် ကစားသည့်ပွဲတွင် အားကုန်ထုတ်သွားမည်ဖြစ်ကြောင်းလည်း တူချယ်က ပြောဆိုလိုက်သည်။