21 Feb 2024

ရလဒ်များဆိုးဝါးနေသော ဘိုင်ယန်မြူးနစ်အသင်းသည် အသင်း၏ နည်းပြချုပ်ဖြစ်သူ တူချယ်ကို ရာသီအကုန်တွင် အသင်းမှ ထုတ်ပယ်ရန် ဆုံးဖြတ်ချက် ချလိုက်ပြီဖြစ်သည်။

ဘိုင်ယန်သည် ဘွန်ဒက်စ်လီဂါတွင် ဦးဆောင်နေသော လေဗာကူဆင်ကို ၃-၀၊ ချန်ပီယံလိဂ်တွင် လာဇီယိုကို ၁-၀ နှင့် ဘွန်ဒက်စ်လီဂါတွင် ဘိုချမ်ကို ၃-၂ ဖြင့် ၇ ရက်အတွင်း ရှုံးနိမ့်ပြီးနောက် တူချယ်ကို ဖိအားများ သက်ရောက်လာခဲ့ပြီး ယခုကဲ့သို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

ဘိုင်ယန်သည် လက်ရှိအချိန်တွင် ၂၀၁၁-၁၂ နောက်ပိုင်း ပထမဆုံး ဆုဖလားလက်မဲ့ရသီတစ်ခုကို ရင်ဆိုင်ရရန် အလားအလာများနေသည်။ ဘွန်ဒက်စ်လီဂါတွင် လေဗာကူဆင်အသင်းသည် ၈ မှတ်အသာဖြင့် ဦးဆောင်နေပြီး ဘိုင်ယန်သည် ဒုတိယနေရာတွင် ရပ်တည်နေရသည်။

ရာသီအကုန်တွင် အသင်းနှင့် လမ်းခွဲမည်ဖြစ်ပြီး ထိုအချိန်မတိုင်မီအထိ ဘိုင်ယန်မြူးနစ်အသင်းအတွက် ၎င်းနှင့် ၎င်း၏နည်းပြအဖွဲ့သည် အစွမ်းကုန်ကြိုးစားသွားမည်ဖြစ်ကြောင်း တူချယ်က ယခုကဲ့သို့ ဆုံးဖြတ်ချက် ချအပြီးတွင် ထုတ်ဖော်ပြောဆိုသည်။ ဘိုင်ယန်မြူးနစ်အသင်းတွင် ဝါရင့်အသင်းသားများဖြစ်ကြသော မူလာ ဂနာဘရီနှင့် ဂေါ်ရက်ဇ်ဂါတို့က တူချယ်ကို နှစ်မြို့ခြင်းမရှိဟု သတင်းထွက်သော်လည်း အင်္ဂလန်တိုက်စစ်မှူးကိန်း၊ အဲရစ်ဒိုင်ယာနှင့် ဆာနေးတို့ကမူ တူချယ်ကို ထောက်ခံကြသဖြင့် အသင်းသားများကြားတွင် တူချယ်၏ အပေါ်အမြင်နှင့် ပတ်သက်ပြီး သဘောထားကွဲလွဲမှုများ ရှိနေသည်။

ဘိုင်ယန်သည် လေဗာကူဆင်အသင်း၏ နည်းပြချုပ် အလွန်ဆိုကို ရာသီအကုန်တွင် တူချယ်၏နေရာတွင် အစားထိုးရန် စဉ်းစားနေကြောင်းလည်း သတင်းများထွက်ပေါ်နေသည်။