14 Apr 2023

အင်္ဂါနေ့ညက အသင်းဖော်ဖြစ်သူ ဆာနေးနှင့်ကစားများရန်ဖြစ်ပြီး ဆာနေးကို ထိုးကြိတ်ခဲ့သည့်အတွက် မာနေးကို ပွဲပယ်ပြစ်ဒဏ်တစ်ရပ်ချမှတ်လိုက်ကြောင်း ဘိုင်ယန်မြူးနစ်အသင်းက ထုတ်ပြန်ကြေညာလိုက်သည်။

အီတီဟက်တွင်ကစားသည့်ပွဲတွင် မန်စီးတီးကို ၃-၀ ဖြင့်ရှုံးနိမ့်ပြီးနောက် ပွဲအပြီး အဝတ်လဲခန်းအတွင်းတွင် ဆာနေးနှင့်ကစားများကာ ဆာနေး၏ မျက်နှာကို မာနေးက ထိုးကြိတ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါပြဿနာကြောင့် ဆီနီဂေါတိုက်စစ်မှူးမာနေးသည် အသင်းမှ ထုတ်ပယ်ခြင်းမခံရသော်လည်း ပွဲပယ်ပြစ်ဒဏ်နှင့် ငွေဒဏ်ကိုမူ ချမှတ်ခံရမည်ဖြစ်သည်။

မာနေးသည် လာမည့်စနေနေ့တွင် အိမ်ကွင်း၌ကစားမည့် ဟော့ဖန်ဟိန်းနှင့်ပွဲတွင် ပါဝင်မည်မဟုတ်ဘဲ ပွဲပယ်ပြစ်ဒဏ်ကျခံရမည်ဖြစ်သလို ဖော်ပြခြင်းမရှိသော ငွေဒဏ်ကိုလည်း ဒဏ်ငွေအဖြစ်ပေးဆောင်ရမည်ဖြစ်ကြောင်း ဘိုင်ယန်မြူးနစ်အသင်းက ထုတ်ပြန်ကြေညာခဲ့သည်။ မာနေးသည် ဟော့ဖန်ဟိန်းနှင့်ပွဲအပြင် နောက်ထပ်မည်မျှ ပွဲပယ်ပြစ်ဒဏ်ကျခံရမည်ဖြစ်ပြီး မည်သည့်အချိန်တွင် ပြန်ကစားခွင့်ရမည်လည်းဆိုသည်မှာလည်း တိကျစွာသိရှိရခြင်းမရှိသေးချေ။  

အင်္ဂါနေ့ညက ပွဲအပြီးကွင်းထဲမှ ထွက်ကတည်းက မာနေးနှင့်ဆာနေးသည် စကားများနေကြခြင်း ဖြစ်ပြီး ကွင်းအတွင်းဝင်သည့်ဥမင်အတွင်းတွင် အခြေအနေသည် ပိုမိုဆိုးဝါးလာခဲ့သည်။ အသင်း၏ အဝတ်လဲခန်းအတွင်းတွင် ဆက်လက်စကားများကြပြီးနောက် မာနေးက ဆာနေး၏ မျက်နှာကို လက်သီးဖြင့်ထိုးခဲ့ခြင်းဖြစ်သည်။ ဘိုင်ယန်ကစားသမားများသည် အဆိုပါရန်ပွဲကြောင့် အံ့ဩခဲ့ကြပြီး မာနေးကို များစွာဝေဖန်ခဲ့ကြသည်။ မန်စီးတီးကို ရှုံးနိမ့်သောညတွင် ဆာနေး၏ ကစားပုံမှာ မာနေးထက်ပိုကောင်းခဲ့ကြောင်းလည်း သတင်းများက ဖော်ပြသည်။

မာနေးနှင့်ဆာနေးတို့ကို ဘိုင်ယန်အသင်းအုပ်ချုပ်သူများက ကြာသပတေးနေ့တွင် မျက်နှာချင်းဆိုင် တွေ့ဆုံဖြေရှင်းခဲ့သည်။ တစ်နှစ်လုပ်ခပေါင် ၁၇ သန်းခန့်ရရှိနေသော မာနေးသည် မကြာမီတွင် ဘိုင်ယန်မှထွက်ခွာဖွယ်ရှိကြောင်းလည်း မီဒီယာများက ခန့်မှန်းရေးသားသည်။