16 Apr 2023

ဘိုင်ယန်အသင်း၏ ဒတ်ချ်ကစားသမား ဂရာဇန်ဘက်ချ်ကို လာမည့်နွေရာသီတွင် အန်ဖီးသို့ ခေါ်ယူရေးအတွက် ၎င်း၏ဖခင်ဖြစ်သူနှင့် လီဗာပူးအသင်းက ဆွေးနွေးနေသည်။ ပြောင်းရွှေ့ကြေးမှာ ပေါင် ၂၅ သန်းခန့်ရှိနိုင်သည်။

အိုင်းယက်စ်အသင်းနှင့်အတူ ခြေစွမ်းပြပြီးနောက်ပြီးခဲ့သည့်နွေရာသီတွင် ဂရာဗန်ဘက်ချ်သည် ဥရောပ အသင်းကြီးများက စိတ်ဝင်စားသော ကစားသမားတစ်ဦးဖြစ်လာခဲ့သည်။ အသက် ၂၀ နှစ်အရွယ်ရှိ ဂရာဗန်ဘက်ချ်သည် မြူးနစ်သို့ ပြောင်းရွှေ့ကြေးပေါင် ၂၁ သန်းဖြင့် ပြီးခဲ့သည့်နွေရာသီတွင် ပြောင်းရွှေ့ခဲသည်။ သို့ရာတွင် နာဂယ်စ်မန်းနှင့်တူချယ်တို့နှစ်ဦးစလုံးလက်ထက်တွင် ဘိုင်ယန်အသင်း၌ နေရာမရဖြစ်နေသောကြောင့် ဂရာဗန်ဘက်ချ်သည် လာမည့်နွေရာသီတွင် အသင်းပြောင်းလိုခြင်းဖြစ်သည်။

ကလော့ပ်သည် လီဗာပူးအသင်း၏ အလယ်တန်းကို သွေးသစ်လောင်းလိုနေပြီး ဘယ်လင်ဂမ်ကို ခေါ်ယူရန် မဖြစ်နိုင်ကြောင်း ပြီးခဲ့သည့်တစ်ပတ်တွင် ထုတ်ပြောခဲ့ပြီးနောက် ဂရာဗန်ဘက်ချ်ကို ခေါ်ယူရန် စိတ်ဝင်စားလာခြင်းဖြစ်သည်။

လီဗာပူးသည် ဂရာဗန်ဘက်ချ်ကို စိတ်ဝင်စားနေပြီး အသင်းမှ ကိုယ်စားလှယ်အဖွဲ့များနှင့် ဂရာဗန်ဘက်ချ်၏ ဖခင်ဖြစ်သူတို့သည် ပြီးခဲ့သည့်တစ်ပတ်က ဟော်လန်တွင် တွေ့ဆုံဆွေးနွေးခြင်း များရှိခဲ့ကြောင်း တိုင်းမ်သတင်းစာက ဖော်ပြသည်။

ဂရာဗန်ဘက်ချ်သည် လက်ရှိဘောလုံးရာသိတွင် ဘွန်ဒက်စ်လီဂါတွင် တစ်ကြိမ်သာပွဲထွက်ကစားခွင့် ရခဲ့ပြီး နောက်ထပ် ၁၆ ကြိမ်ကို လူစားလဲပါဝင်ကစားခွင့်ရရှိခဲ့သည်။