18 Dec 2023

အန်ဖီးတွင် မန်ယူနှင့်စိတ်ပျက်ဖွယ်သရေကျခဲ့သော်လည်း ပြင်ပမှ ဝေဖန်သံများကို ဒုက္ခခံနေမည်မဟုတ်ကြောင်း လီဗာပူးအသင်း မန်နေဂျာကလော့ပ်က ပြောဆိုလိုက်သည်။ လီဗာပူးသည် ဘောလုံးပိုင်ဆိုင်မှုအသာဖြင့် ကစားနိုင်ခဲ့သော်လည်း ဂိုးမရဖြစ်ခဲ့ရပြီး အိမ်ကွင်းအနိုင်ပွဲစံချိန်ကိုလည်း လက်လွှတ်ခဲ့ရသည်။

ကလော့ပ်က “မီဒီယာတွေက လီဗာပူးအသင်းရဲ့လွှမ်းမိုးနိုင်မှုကို ပိုပြောခဲ့ကြတယ်လို့ ယူဆပါတယ်။ သူတို့ပြောတာတွေကို စိတ်ဒုက္ခခံနေလို့မရပါဘူး။ မန်ယူနဲ့ပွဲက ခက်ခဲမယ်ဆိုတာသိထားပြီးသားပါ။ ဒီပွဲမှာ လီဗာပူးရဲ့ခြေစွမ်းမှာ အပေါင်းလက္ခဏာဆောင်တဲ့အချက်တွေ အများကြီးတွေ့ရပါတယ်။ ကျွန်တော်မကြိုက်တာက ရလဒ်ပိုင်းပါ။ ဂိုးမရဖြစ်ခဲ့ပါတယ်။ ပွဲအစပိုင်းမှာ လီဗာပူးခြေစွမ်းကောင်းခဲ့သလို အပြင်းအထန်လည်းကြိုးစားကစားခဲ့ပါတယ်။ ကျွန်တော်တို့ ဘယ်လိုရလဒ်မျိုးရရှိအောင် ရည်ရွယ်ကြိုးစားခဲ့တယ်ဆိုတာ အားလုံးသိပါတယ်။ တန်ပြန်တိုက်စစ်တွေလည်းကောင်းခဲ့ပါတယ်။ မန်ယူကစားသမားတွေကို အလွတ်မပေးစတမ်း ကစားနိုင်ခဲ့ပါတယ်။ အခုလောက်မန်ယူကို ဖိအားပေးကစားနိုင်တဲ့ပွဲမျိုး ကျွန်တော်မမှတ်မိပါဘူး။ ၇-၀ နဲ့နိုင်တုန်းကထက်တောင် ပိုပြီးဖိအားပေးနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ တစ်မှတ်ရခဲ့ပါတယ်။ ဆက်ပြီးကြိုးစားရမှာပေါ့”ဟု ပြောဆိုလိုက်သည်။

မနေ့ညက ကစားသည့်ပွဲတွင် အနိုင်ပွဲရရှိရေးကြိုးပမ်းကစားသည့်အသင်းမှာ တစ်သင်းတည်းသာရှိကြောင်း လီဗာပူးအသင်းခေါင်းဆောင်ဗန်ဒိုက်ချ်က ပြောဆိုလိုက်သည်။ “ကျွန်တော်တို့က ပွဲတိုင်းအနိုင်ရချင်ပါတယ်။ ဒါကြောင့်လည်းစိတ်ပျက်ရပါတယ်။ တခါတလေ လွယ်လွယ်နဲ့ ဂိုးကန်သွင်းမှုတွေ လုပ်ခဲ့ကြတယ်လို့လည်း ထင်ပါတယ်။ အနိုင်ရရေး ကြိုးစားတဲ့အသင်းက တစ်သင်းတည်းရှိခဲ့ပါတယ်”ဟု ဗန်ဒိုက်ချ်က ပြောသည်။