8 Jan 2024

ပီအက်စ်ဂျီအသင်း၏ ပြင်သစ်လူငယ်တိုက်စစ်ကစားသမား ဘာပေသည် ယခုတစ်ပတ်အတွင်းတွင် စပိန်ကလပ်အသင်းကြီး ရီးရဲမက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ရန် သဘောတူညီမှုရရှိသွားပြီဖြစ်ပြီး လက်ရှိဘောလုံးရာသီအကုန်တွင် ပြောင်းရွှေ့တော့မည်ဖြစ်ကြောင်း စပိန်မီဒီယာတစ်ခုက ယနေ့သတင်းဖော်ပြသည်။

ဘာပေသည် ပြီးခဲ့သည့်ဘောလုံးရာသီနှစ်ခုတွင်လည်း ရီးရဲမက်ဒရစ်သို့ ပြောင်းရွှေ့မည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့သည်။ ဘာပေသည် လက်ရှိဘောလုံးရာသီအကုန်တွင် ပီအက်စ်ဂျီအသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်သည်။ ဘာပေသည် ပီအက်စ်ဂျီအသင်းနှင့် စာချုပ်သက်တမ်းတိုးရန် ငြင်းဆန်ပြီးနောက် ယခုကဲ့သို့ စပိန်သို့ ပြောင်းရွှေ့ရန် သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်သည်။

ဘာပေသည် ဇန်နဝါရီလ တစ်ရက်နေ့ ပီအက်စ်ဂျီနှင့်စာချုပ်သက်တမ်း ၆ လသာကျန်တော့ချိန်တွင် စည်းမျဉ်းများအရ အခြားဥရောပကလပ်အသင်းတစ်သင်းနှင့် ဆွေးနွေးရန် အခွင့်အရေးရရှိသွားခြင်းဖြစ်ပြီး ရီးရဲမက်ဒရစ်အသင်းက အခွင့်အရေးကို အရအမိယူခဲ့ခြင်းဖြစ်ကြောင်းလည်း မီဒီယာများက သတင်းဆက်လက်ဖော်ပြသည်။

အချို့မီဒီယာများကမူ ဘာပေနှင့် ရီးရဲမက်ဒရစ်တို့ အပြောင်းအရွှေ့အတွက် သဘောတူညီမှုရရှိသွားပြီဆိုသော သတင်းကို အတည်ပြုရန် ငြင်းဆန်ကြသည်။