24 Jan 2024

လာမည့်နွေရာသီတွင် ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ရေးမှာ သူ၏ အိပ်မက်ဖြစ်ကြောင်း မေဆန်ဂရင်းဝုဒ်က ထုတ်ဖော်ပြောဆိုလိုက်သည်။ ဂရင်းဝုဒ်သည် ၎င်း၏အကြံပေးများကို ထိုသို့ပြောဆိုခြင်းဖြစ်ကြောင်းလည်း မီဒီယာများက ဆက်လက်ဖော်ပြသည်။

အင်္ဂလန်တိုက်စစ်မှူး ဂရင်းဝုဒ်သည် လက်ရှိအချိန်တွင် ဂီတာဖေးအသင်းတွင် အငှားဖြင့်ကစားနေသည်။ ဂရင်းဝုဒ်သည် လက်ရှိအချိန်တွင် မန်ယူအသင်း၏ကစားသမားစာရင်းဝင်ဖြစ်သော်လည်း မန်ယူကအသင်း၏ ရေတိုအနာဂတ်တွင် ဂရင်းဝုဒ်ကို အသုံးပြုရန် မရှိဟု ဆုံးဖြတ်ခဲ့ခြင်းကြောင်း ဂီတာဖေးတွင် အငှားဖြင့် သွားရောက်ကစားနေရခြင်းဖြစ်သည်။

ဘာစီလိုနာအသင်းသည် ဂရင်းဝုဒ်ကို ယခင်ကတည်းက စိတ်ဝင်စားနေခြင်းဖြစ်ပြီး ၎င်းကိုခေါ်ယူရန် ကြိုးစားလာဖွယ်ရှိကြောင်း ဂရင်းဝုဒ်ကို အပြီးသတ်ခေါ်ယူရန်အတွက် ပြောင်းရွှေ့ကြေးပေါင်သန်း ၄၀ ခန့်အသုံးပြုသွားဖွယ်ရှိကြောင်းလည်း ပြီးခဲ့သည့် ဒီဇင်ဘာတွင် သတင်းများထွက်ပေါ်လာသည်။

ဂရင်းဝုဒ်သည် ဂီတာဖေးတွင် ကစားစဉ်ကာလအတွင်း အကြီးအကျယ်ခြေစွမ်းပြနိုင်ခြင်းမရှိသော်လည်း ၎င်း၏ခြေစွမ်းကို ပြသနိုင်သည့် အချိန်များရှိခဲ့ကြောင်းလည်း မီဒီယာအချို့က သတင်းဖော်ပြသည်။ လက်ရှိဘောလုံးရာသီအကုန်တွင် ဂရင်းဝုဒ်သည် မန်ယူနှင့်စာချုပ်သက်တမ်း တစ်နှစ်သာကျန်ရှိတော့မည်ဖြစ်သော်လည်း မန်ယူက ပြောင်းရွှေ့ကြေးပေါင်သန်း ၄၀ ခန့်ရယူလိုကြောင်းလည်း သတင်းများက ဆက်လက်ဖော်ပြသည်။ ဘာစီလိုနာသည် ဂရင်းဝုဒ်ပါဝင်ကစားသည့် ပွဲစဉ် ၆ ပွဲသို့ ဘောလုံးကင်းထောက်များ စေလွှတ်၍ ခြေစွမ်းကို စောင့်ကြည့်ခဲ့ပြီး ဂရင်းဝုဒ်၏ ခြေစွမ်းကိုလည်း နှစ်သက်နေကြောင်း သတင်းများထွက်ပေါ်လာသည်။ ဘာစီလိုနာသည် ဂရင်းဝုဒ်ကို ခေါ်ယူနိုင်ပါက ကျောနံပါတ် ၁၀ ဂျာဆီကိုပင်ပေးအပ်ဖွယ်ရှိကြောင်း သတင်းများက ဆက်လက်ဖော်ပြသည်။ ဂရင်းဝုဒ်လက်ရှိကစားနေသော ဂီတာဖေးအသင်းကလည်း ၎င်းကို အပြီးသတ်ခေါ်ယူရန် စိတ်ဝင်စားနေသည်။