19 Nov 2023

ရော်နယ်ဒိုကစားနေသော ဆော်ဒီကလပ် အယ်လ်နက်ဆာက မန်ယူအသင်းဖော်ဟောင်း ဒဟေးယားကို တစ်ပတ်လုပ်ခပေါင် ၅ သိန်းပေး၍ ကမ်းလှမ်းခဲ့သော်လည်း ဒဟေးယားက အဆိုပါ အခွင့်အရေးကို ပယ်ချခဲ့သည်။ စပိန်လူမျိုးဂိုးသမားသည် တန်းဟက်၏ အသင်းနှင့်လမ်းခွဲပြီးနောက် ကလပ်အသင်းလက်မဲ့ဖြစ်နေသူဖြစ်ပြီး အခြားကလပ်အသင်းအချို့မှ ကမ်းလှမ်းမှုများကိုလည်း ပယ်ချထားသည်။

ပြီးခဲ့သည့်နှစ်က ပရီးမီးယားလိဂ်ရွှေလက်အိတ်ဆုကို ရရှိခဲ့သော ဒဟေးယားသည် အယ်လ်နက်ဆာအသင်းမှ ကမ်းလှမ်းမှုကို ပယ်ချခဲ့ခြင်းမှာ ၎င်း၏ဇနီးက အရှေ့အလယ်ပိုင်းသို့ပြောင်းရွှေ့နေထိုင်ရန် စိတ်မဝင်စား၍ ဖြစ်ကြောင်း ဗြိတိန်ထုတ် ဆန်းသတင်းစာက ဖော်ပြခဲ့ခြင်းဖြစ်သည်။

လက်ရှိ အယ်လ်နက်ဆာအသင်း၏ ပထမဂိုးသမား နာဝက်ဖ်အယ်လ်အကွီဒီသည် ဆော်ဒီအသင်းလက်ရွေးစင်ဖြစ်ပြီး လက်ရှိဘောလုံးရာသီတွင် အသင်းအတွက် ၁၁ ပွဲပါဝင်ကစားပြီး ဂိုးမပေးရသော ပွဲဟူ၍ ၃ ပွဲသာရှိခဲ့သည်။

လက်ရှိမက်ဆီကစားနေသော အမေရိကန်ကလပ် အင်တာမိုင်ယာမီအသင်းကလည်း ဒဟေးယားကို စိတ်ဝင်စားနေပြီး စပိန်ဂိုးသမားအနေဖြင့် အဆိုပါအသင်းကို ပြောင်းရွှေ့ရေးကိုမူ စိတ်ဝင်စားနိုင်သည်ဟု သတင်းများက သုံးသပ်ဖော်ပြသည်။