19 Feb 2024

ပြင်သစ်တိုက်စစ်မှူးဘာပေသည် ရီးရဲမက်ဒရစ်အသင်းနှင့် အကြိုသဘောတူစာချုပ် ချုပ်ဆိုလိုက်ပြီဖြစ်ပြီး အဆိုပါ စာချုပ်အရ ဘာပေသည် ၂၀၂၉ အထိ အဖြူရောင်အသင်း၏ ကစားသမားအဖြစ် ရပ်တည်သွားမည်ဖြစ်ကြောင်း စပိန်မီဒီယာများက သတင်းဖော်ပြသည်။ ဘာပေသည် လက်ရှိအချိန်တွင် ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းသားတစ်ဦးဖြစ်သော်လည်း ရာသီအကုန်တွင် ပြင်သစ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးကာ စပိန်ကလပ်အသင်းကြီး၏ အသင်းဝင်တစ်ဦးဖြစ်လာတော့မည် ဖြစ်သည်။

ဘာပေသည် ပြီးခဲ့သည့်နှစ်ပတ်ကပင် ရီးရဲမက်ဒရစ်အသင်းကြီးနှင့် သဘောတူစာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း ရီးရဲမက်ဒရစ် အသင်းသား ဖြစ်လာလျှင် အသင်းအတွက် စိတ်နှစ်မြုပ်ပြီး ကစားသွားမည်ဖြစ်ကြောင်း စပိန်မီဒီယာ မာကာက သတင်းဖော်ပြခဲ့သည်။

ဘာပေသည် ရိးရဲမက်ဒရစ်အသင်းတွင် တစ်နှစ်လုပ်ခပေါင် ၁၀.၃ သန်းရရှိနေသော ဗီနီးဆီးယပ်စ်ဂျူနီယာနှင့် ဘယ်လင်ဂမ်တို့ထက် လုပ်ခလစာပိုရမည်ဖြစ်သော်လည်း ပီအက်စ်ဂျီအသင်းတွင် ရရှိနေသောလုပ်ခထက်မူလျှော့ယူရမည်ဖြစ်သည်။ ဘာပေ၏ကိုယ်စားလှယ်များက ကစားသမားသည် ရီးရဲမက်ဒရစ်အသင်းနှင့် စာချုပ်ထားပြီးဖြစ်ကြောင်း စာချုပ်သက်တမ်းတိုးရန် ကမ်းလှမ်းမှုများထပ်မံမပြုလုပ်ရန် ပီအက်စ်ဂျီအသင်းကို ပြောကြားခဲ့ကြောင်းလည်း သတင်းများထွက်ပေါ်လာသည်။

ဘာပေသည် တစ်နှစ်လျှင်လုပ်ခပေါင် ၁၂ သန်း မှ ၁၇ သန်းကြားနှင့် အခြားဆုကြေးများရရှိဖွယ်ရှိကြောင်း တစ်နှစ်လုပ်ခပေါင် ၂၂ သန်းရရှိနေသော ပီအက်စ်ဂျီအသင်းထက် လုပ်ခလစာ သိသိသာသာ လျှော့ယူခဲ့ရခြင်းဖြစ်ကြောင်း သတင်းများလည်း ထွက်ပေါ်လာသည်။ ဘာပေသည် ပီအက်စ်ဂျီအသင်းကစားသမားအဖြစ် စုစုပေါင်း ၂၉၀ ပွဲကစားပြီး ၂၄၃ ဂိုးသွင်းယူပေးနိုင်ခဲ့သည်။ ချန်ပီယံလိဂ်သွင်းဂိုးလည်း ၄၄ ဂိုးအထိသွင်းယူထားနိုင်သည်။