14 Jan 2023

ကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနားကစားသမားမက်ဆီကို ဆော်ဒီလိဂ်ရှိ ကလပ်အသင်းနှစ်သင်းက အပြိုင်ခေါ်ယူလိုနေကြောင်း သတင်းထွက်ပေါ်လာသည်။ မက်ဆီကို ရော်နယ်ဒို၏ ကလပ်အသင်း အယ်လ်နက်ဆာ၏ အဓိကပြိုင်ဘက် အယ်ဟီလာအသင်းက ခေါ်ယူလိုကြောင်း မနေ့ကသတင်းများ ထွက်ပေါ်ခဲ့သည်။ ယနေ့တွင်မူ အခြားဆော်ဒီကလပ်အသင်းတစ်သင်းဖြစ်သော အယ်လ်အီတီဟက်အသင်းက အယ်လ်ဟီလာအသင်းနှင့်အပြိုင် မက်ဆီကို ခေါ်ယူလိုနေကြောင်း သတင်းများထပ်မံထွက်ပေါ်လာသည်။

အယ်လ်ဟီလာသည် မက်ဆီအတွက်ပြောင်းရွှေ့ကြေးပေါင် ၂၄၅ သန်းပေး၍ ခေါ်ယူနေခြင်းဖြစ်ကြောင်း သတင်းများတွင်ဖော်ပြထားသည်။ ယခုအခါအယ်လ်အီတီဟက်ကလည်း အယ်လ်ဟီလာနှင့် အပြိုင်ငွေသုံး၍ မက်ဆီကို ခေါ်ယူလိုခြင်းဖြစ်ပြီး ဆော်ဒီလိဂ်၏ ပုံရိပ်ကိုလည်း မြှင့်တင်လိုနေခြင်း ဖြစ်သည်။

သို့ရာတွင် အယ်လ်ဟီလာနှင့် အယ်လ်အီတီဟက်အသင်းတို့သည် ဖီဖာ၏ ပြစ်ဒဏ်ချမှတ်ခြင်းကို ခံထားရပြီး လာမည့်နွေရာသီကျမှသာလျှင် မက်ဆီကို ခေါ်ယူခွင့်ရှိမည်ဖြစ်သည်။ ဆော်ဒီလိဂ်ကလပ်အသင်းများသည် မက်ဆီအပြင် ဒီမာရီယာ ဆာဂျီယိုရာမို့စ်နှင့် လူကာမိုဒရစ်တို့ကိုလည်း ခေါ်ယူလိုကြောင်း မာကာသတင်းစာက ဆက်လက်ဖော်ပြသည်။

အကယ်၍ မက်ဆီသည် ဆော်ဒီလိဂ်သို့ပြောင်းရွှေ့ကစားဖြစ်ပါက ကမ္ဘာ့ဘောလုံးလောက၏ အဓိကပြိုင်ဘက်နှစ်ဦးပြိုင်ဆိုင်မှုကို ဆက်လက်မြင်တွေ့ရနိုင်မည်ဖြစ်ကြောင်းလည်း မီဒီယာများက ဖော်ပြသည်။ မက်ဆီသည် လာမည့်နွေရာသီတွင် ပီအက်စ်ဂျီနှင့်စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်သည်။