6 Jun 2023

အင်တာမီလန်အသင်းသည် ကမ္ဘာ့အကောင်းဆုံးအသင်းဖြစ်သော မန်စီးတီးအသင်းနှင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ရင်ဆိုင်ရမည်ဖြစ်ကြောင်း အင်တာမီလန်အသင်းနည်းပြချုပ် အင်ဇာဂီက ပြောဆိုလိုက်သည်။ ဂွာဒီယိုလာ၏မန်စီးတီးအသင်းသည် အစ္စတန်ဘူလ်တွင် ကစားမည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် အင်တာကို အနိုင်ယူပြီး ၁၉၉၉ မန်ယူအသင်းကဲ့သို့ပင် ဆုဖလားသုံးလုံးကို ဆွတ်ခူးကာ ဂန္ထဝင်မြောက်အောင်မြင်မှုကို ရယူနိုင်မည်ဟု နာမည်ကြီးနေသည်။

သို့ရာတွင် အင်တာမီလန်အသင်းသားများအနေဖြင့် မန်စီးတီးကို ကြောက်ရွံ့နေမည်မဟုတ်ကြောင်း အင်ဇာဂီက ပြောဆိုလိုက်သည်။ “အင်တာမီလန်က ကမ္ဘာ့အကောင်းဆုံးအသင်းတစ်သင်းနဲ့ ရင်ဆိုင်ရမယ်ဆိုတာကို သိပါတယ်။ အကောင်းဆုံးအသင်းတစ်သင်းဆိုတာ သေချာပါတယ်။ အားလုံးကို လေးစားပါတယ်။ ဒါပေမယ့်အင်တာက ဘယ်အသင်းကိုမှ ကြောက်ရွံ့နေမှာ မဟုတ်ပါဘူး။ ဂွာဒီယိုလာဆိုတာ ကမ္ဘာ့အကောင်းဆုံးနည်းပြချုပ်တစ်ဦးဖြစ်ပြီး သူကခေတ်တစ်ခေတ်ကို ထူထောင်ထားနိုင်တယ်ဆိုတာမှန်ပါတယ်။ အင်တာကလည်း ရှိသမျှ စွမ်းရည်အကုန်ထုတ်ပြီး မန်စီးတီးကို ရင်ဆိုင်သွားမှာ ဖြစ်ပါတယ်။ ဒီပွဲက ကျွန်တော်နဲ့ အင်တာကစားသမားတွေအတွက် အကြီးမားဆုံး စိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်”ဟု အင်ဇာဂီက ပြောဆိုလိုက်သည်။