5 Jun 2023

အသက် ၄၁ နှစ်အရွယ်ရှိ ဝါရင့်ဆွီဒင်တိုက်စစ်မှူး ဇလာတန်အီဘရာဟီမိုဗစ်ချ် သည် ဘောလုံးကစားခြင်းမှ အနားယူပြီဖြစ်ကြောင်း ကြေညာလိုက်သည်။ အေစီမီလန်က ဗီရိုနာကို ၃-၁ ဖြင့်အနိုင်ရရှိသော ပွဲအပြီးတွင် မိုဗစ်ချ်က ၎င်း၏ဆုံးဖြတ်ချက်ကို ကြေညာလိုက်ခြင်းဖြစ်သည်။ မိုဗစ်ချ်သည် လက်ရှိဘောလုံးရာသီတွင် ဒဏ်ရာများဖြင့် ရုန်းကန်ခဲ့ရသည်။

ဗီရိုနာကို အနိုင်ရသည့်ပွဲအပြီးတွင် မိုဗစ်ချ်က ဘောလုံးကစားခြင်းမှ အနားယူပြီဖြစ်ကြောင်း ကြေညာလိုက်ပြီးနောက် ဆန်စီရိုကွင်းအတွင်းရှိအေစီမီလန်အသင်းပရိသတ်များ အသင်းဖော်များနှင့် အသင်းတာဝန်ရှိသူများက မိုဗစ်ချ်ကို သောင်းသောင်းဖျဖျအားပေးဂုဏ်ပြုခဲ့ကြသည်။

အီဘရာဟီမိုဗစ်ချ်က “ကွင်းထဲမှာ အမှတ်တရတွေအများကြီး ရှိပါတယ်။ ပထမဆုံးအကြိမ် ဆန်စီရိုကွင်းထဲကို ဝင်ရတော့ ပျော်ပါတယ်။ ဒုတိယတစ်ကြိမ်လည်းကျရော ပရိသတ်ရဲ့ ချစ်ခင်မှုကို ခံစားရတယ်။ ကျွန်တော့်ကို စိတ်ရှည်ရှည်နဲ့အားပေးခဲ့ကြတဲ့ ရင်းနှီးသူမိတ်ဆွေတွေနဲ့ မိသားစုတွေကိုလည်း ကျေးဇူးတင်ပါတယ်။ အသင်းဖော်နည်းပြနဲ့ အခြားတာဝန်ရှိသူတွေ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ နောက်ဆုံးအနေနဲ့ ပရိသတ်တွေကို ကျေးဇူးတင်ကြောင်း ရင်ထဲ အသည်းထဲက ပြောချင်ပါတယ်။ ကျွန်တော်က ဘောလုံးကစားခြင်းက အနားယူလိုက်ပေမယ့် မီလန်အသင်းပရိသတ်အဖြစ် ဆက်ရှိနေမှာပါ”ဟု ပြောဆိုခဲ့သည်။

ဇလာတန်အီဘရာဟီမိုဗစ်ချ်သည် ၎င်း၏ ကစားသမားဘဝသက်တမ်းတလျှောက်တွင် ပရော်ဖက်ရှင်နယ် ဂိုးပေါင်း ၅၁၁ ဂိုးသွင်းယူပေးပြီး အိုင်းယက်စ် ဘာစီလိုနာ ပီအက်စ်ဂျီအသင်းတို့နှင့်လည်း သက်ဆိုင်ရာနိုင်ငံများ၏ အမှတ်ပေးချန်ပီယံဆုများကို ဆွတ်ခူးနိုင်ခဲ့သည်။