16 Jan 2024

ရိုမာကလပ်အသင်းသည် ပေါ်တူဂီလူမျိုးနည်းပြချုပ် မော်ရင်ညိုကို အလုပ်မှ ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း မော်ရင်ညိုနှင့် ၎င်း၏နည်းပြအဖွဲ့သည် အသင်းမှ ထွက်ခွာတော့မည်ဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ကြေညာလိုက်သည်။ မော်ရင်ညိုသည် တနင်္ဂနွေနေ့က အေစီမီလန်ကို ၃-၁ ဖြင့် ရှုံးနိမ့်သည့်ပွဲတွင် ရိုမာနည်းပြချုပ်အဖြစ် နောက်ဆုံးအကြိမ်တာဝန်ထမ်းဆောင် ခဲ့သည်။

ရိုမာသည် လက်ရှိအချိန်တွင် စီးရီးအေတွင် အဆင့် ၉ နေရာ၌ ရပ်တည်နေသည်။ ရိုမာသည် နောက်ဆုံးကစားသည့် လိဂ်ပွဲ ၆ ပွဲတွင် တစ်ပွဲသာအနိုင်ရရှိခဲ့သည်။ ပြီးခဲ့သည့်တစ်ပတ်တွင် မြို့ခံပြိုင်ဘက် လာဇီယိုကို ရှုံးနိမ့်ပြီး ရိုမာသည် ကိုပါအီတာလီယာ ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။ ရိုမာသည် လက်ရှိဘောလုံးရာသီတွင် စီးရီးအေပွဲစဉ် ၂၀ အထိကစားပြီးနောက် ၈ ပွဲသာအနိုင်ရရှိထားသည်။ လိဂ်တွင် ဘိုလော့ညာ အတ်တလန်တာနှင့် ဖီအိုရင်တီနာအသင်းတို့နောက်တွင် ရပ်တည်နေပြီး ဥရောပဝင်ခွင့်ကို အလှမ်းဝေးသွားနိုင်သည်။

မော်ရင်ညိုသည် ပြီးခဲ့သည့်တစ်ပတ်အတွင်းတွင် ၄ ရက်အတွင်း နှစ်ကြိမ်အထုတ်ခံခဲ့ရပြီး ယခုနှစ်ဘောလုံးရာသီတွင် ခံစားချက်များကို ထိန်းချုပ်ရန်ခက်ခဲနေသည်။ မော်ရင်ညိုနေရာတွင် ရိုမာအသင်းကစားသမားဟောင်း ဒီရော့ဆီက အစားထိုးဝင်ရောက်မည်ဟုသတင်းများထွက်ပေါ်နေသည်။