5 May 2023

စီးရီးအေကလပ် နာပိုလီအသင်းသည် မနေ့ညက ကစားသည့်ပွဲတွင် အူဒီးနီးစ်အသင်းနှင့်တစ်ဂိုးစီ သရေကျခဲ့သည်။ ထိုပွဲတွင် နာပိုလီအသင်းအတွက်ဂိုးကို ပွဲချိန် ၅၂ မိနစ်တွင် အိုဆင်ဟမ်က သွင်းယူခဲ့ခြင်းဖြစ်သည်။ နာပိုလီသည် မာရာဒိုနာခေတ်နောက်ပိုင်းဝေးကွာနေသော အီတလီစီးရီးအေ ချန်ပီယံ စကူဒက်တိုဆုဖလားကို အူဒီးနီးစ်နှင့်သရေကျပြီးနောက် ဆွတ်ခူးရန်သေချာသွားပြီ ဖြစ်သည်။

နာပိုလီအသင်းအတွက် ၃၃ နှစ်အတွင်းပထမဆုံးအကြိမ် အမှတ်ပေးချန်ပီယံဆုကို ဆွတ်ခူးနိုင်ရေးအတွက် လက်ရှိဘောလုံးရာသီတွင် အိုဆင်ဟမ်သည် အကောင်းဆုံး ခြေစွမ်းပြ ကူညီပေးနိုင်ခဲ့သည်။ အူဒီးနီးစ်ကို ဂိုးသွင်းပြီးနောက် အိုဆင်ဟမ်သည် အီတိုးက ၂၂ ဂိုးသွင်းပြီးတင်ထားသည့် အာဖရိက ကစားသမားတစ်ဦးအတွက် စီးရီးအေတစ်နှစ်အတွင်း သွင်းဂိုးအများဆုံးစံချိန်ကိုလည်း ချိုးနိုင်ခဲ့သည်။

အိုဆင်ဟမ်သည် စီးရီးအေချန်ပီယံအသင်း၏တိုက်စစ်ကို ကောင်းစွာဦးဆောင်နိုင်ခဲ့ပြီးနောက် ၎င်းကိုခေါ်ယူရန် ဥရောပအသင်းကြီးများက စိတ်ဝင်စားလာကြသည်။ မန်ယူအပါအဝင် အာဆင်နယ် ချဲလ်ဆီး ပီအက်စ်ဂျီ ဘိုင်ယန်အသင်းတို့ကလည်း ၎င်းကိုခေါ်ယူနိုင်ရန်များစွာ စိတ်ဝင်စားနေသည်။

မနေ့ညကပွဲအပြီးတွင် စီးရီးအေချန်ပီယံဖြစ်ရန်သေချာပြီးနောက်တွင်မူ နာပိုလီအသင်းကို စွန့်ခွာရန် လတ်တလော စဉ်းစားထားခြင်းမရှိသေးကြောင်း အိုဆင်ဟမ်က ပြောဆိုလိုက်သည်။ အိုဆင်ဟမ်က သူ့အနေဖြင့် နေပယ်မြို့သို့ပြန်ပြီး အမှတ်ပေးချန်ပီယံဆုအတွက်အောင်ပွဲကို ပရိသတ်များနှင့်အတူ အောင်ပွဲခံရန်အတွက် မစောင့်နိုင်ဖြစ်နေရကြောင်း အူဒီးနီးစ်နှင့်ပွဲအပြီးတွင် ထုတ်ဖော်ပြောဆိုလိုက်သည်။

“အခုလိုအောင်မြင်မှုရလို့ အရမ်းကို စိတ်လှုပ်ရှားဝမ်းသာရပါတယ်။ အသင်းအတွက် ပရိသတ်အတွက် နဲ့ ကျွန်တော့်ကိုယ်ကျွန်တော်အတွက်ပါ ဝမ်းသာပါတယ်။ ဒီနေ့ညမှာ လိုက်ပါအားပေးတဲ့ပရိသတ်တွေနဲ့အတူ ပျော်ရွှင်ခဲ့ရပေမယ့် နေပယ်မှာ အသင်းပရိသတ်တွေနဲ့အတူ အောင်ပွဲခံဖို့ကို ကျွန်တော့်အနေနဲ့ မစောင့်နိုင်အောင်ဖြစ်နေရပါတယ်။ စကူဒက်တိုဖလားကို အရယူနိုင်တဲ့ ချေပဂိုးကို ကျွန်တော်သွင်းနိုင်ခဲ့ပါတယ်။ ကျွန်တော့်လိုပဲ တခြားအသင်းသားတွေလည်း ဒီလိုဂိုးမျိုးသွင်းနိုင်ဖို့ အခွင့်အရေးရှိပါတယ်။ အခုအချိန်မှာနာပိုလီအသင်းကို စွန့်ခွာဖို့ စဉ်းစားရမယ့် အချိန်မဟုတ်ပါဘူး။ အောင်မြင်မှုအတွက် အောင်ပွဲခံရမယ့်အချိန်ဖြစ်ပါတယ်။ အသင်းမှာ ခေါင်းဆောင်မှု ပေးနိုင်တဲ့ကစားသမားတစ်ယောက်ဖြစ်တယ်လို့ ခံစားရတာကြောင့် လက်လျှော့ဖို့ကို ဘယ်တုန်းကမှ မစဉ်းစားခဲ့ပါဘူး။ စပယ်လက်တီက သိပ်တော်တဲ့ နည်းပြချုပ်ဖြစ်ပြီး ကျွန်တော်တို့အားလုံးအတွက် ဖခင်တစ်ဦးလိုဖြစ်နေပါတယ်။ သူက အားလုံးကို တက်ကြွအောင်လုပ်နိုင်ပြီး စကူဒက်တိုဖလားနဲ့ ထိုက်တန်သူတစ်ဦးဖြစ်ပါတယ်”ဟု အိုဆင်ဟမ်က ထုတ်ဖော်ပြောဆိုလိုက်သည်။

မန်ယူအသင်းသည် တိုက်စစ်မှူးသစ်တစ်ဦးကို ခေါ်ယူလိုနေပြီး ဟယ်ရီကိန်းကို နံပါတ်တစ် ပစ်မှတ်အဖြစ် သတ်မှတ်ထားသည်။ ကိန်းကို ခေါ်၍မရပါက အိုဆင်ဟမ်ကို အဓိကထားခေါ်ယူရန် ကြိုးပမ်းသွားဖွယ်ရှိသည်။